
ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ အရာတော်မြို့နယ်သို့ စစ်သင်တန်းတက်ရန် လာရောက်သည့် စစ်ကောင်စီ၏ ကားခြောက်စီးပါယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၂၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ရက်နေ့က မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉ မှ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၁၀) တွင် သင်တန်းတက်ရန် ထွက်ခွာလာသည့် သင်တန်းသားအသစ် ၂၅၀ ဦးပါ စစ်ကောင်စီ၏ ၁၂ ဘီးကား ငါးစီးနှင့် Express ကားတစ်စီးတို့ကို အရာတော်မြို့နယ်၊ ကမ်းဖြူရွာ၌ တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် သင်တန်းသား ၂၀ ခန့် သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ထို့အပြင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်တန်းမှ ကား သုံး စီး ပျက်စီးပြီး ဒုအရာခံဗိုလ် တစ် ဦး၊ တပ်ကြပ်ကြီး တစ် ဦး၊ တပ်ကြပ် တစ် ဦး၊ အားကစားသိပ္ပံမှ တစ် ဦးနှင့် သင်တန်းသားသစ် ၄၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီထံမှ လက်နက်ငယ် ခုနစ် လက်၊ ကျည်မျိုးစုံ ၅၅၀၀ ခန့်၊ ဗုံးသီး မျိုးစုံ ၈၀ ခန့်၊ RPG-7 ဒုံးသီး ၁၀ လုံး၊ မိုင်းမျိုးစုံ ၇၀ ခန့်၊ Jammer စက်အကြီး တစ် လုံး၊ ကျည်အိမ် ခုနစ် ခု၊ Detonater ၅၀ ချောင်း၊ ကျည်ကာ ဦးထုပ်သုံးလုံး၊ စစ်ဖိနပ် ၂၀ ရံ၊ Equipment တစ် ခု၊ ကျောပိုးအိတ် တစ် လုံး၊ ဖိုင်တွဲ ၈၈ ဖိုင် သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ − အမှတ် (၁) စစ်ဒေသ
#စစ်ကိုင်းတိုင်း #မုံရွာ #အရာတော် #စစ်ကောင်စီ #စစ်သင်တန်းကျောင်း #ကြားဖြတ်တိုက်ခိုက် #အမှတ်၁စစ်ဒေသ #Ayeyarwaddy_Times