ဧရာဝတီတိုင်းမ်

ဧပြီ ၁၄ ရက်

မန္တလေးမြို့၊ မြို့တော်ဝန်သင်္ကြန် ဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲခဲ့ပြီး လာရောက်ရေကစားနေသည့် ပြည်သူသုံးဦးခန့်သေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိကြောင်း သိရသည်။

 မန္တလေးမြို့ စည်ပင်ရုံးဘေး၊ ၇၁လမ်း၊ ၂၆လမ်းနှင့် ၂၇လမ်းကြားရှိ မြို့တော်ဝန်သင်္ကြန် ဗဟိုမဏ္ဍပ် ဆိုင်ကယ်ရပ်နားရာ နေရာတွင် ယနေ့ ဧပြီ ၁၄ရက်နေ့ နံနက် ၁၀နာရီခန့်က ဗုံး နှစ်လုံးပေါက်ကွဲပြီး သုံးဦးသေဆုံးကာ ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၁၀နာရီလောက်က စပေါက်တာ။ ဖြစ်တဲ့နေရာမှာ သုံးယောက်လောက်က မလှုပ်နိုင်တော့ဘူး။ ပထမအလုံးပေါက်ပြီး မကြာဘူး နောက်တစ်လုံးထပ်ပေါက်တာ။ ကလေးတွေလည်း ဒဏ်ရာတွေရကုန်တယ်” ဟု မန္တလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မြို့တော်ဝန်ဗဟိုမဏ္ဍပ်အနီးတွင်လုံခြုံရေးထူထပ်စွာ ချထားပြီး အစစ်အဆေးတင်းကျပ်ထားသည့်ကြားက ယခုလို ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

“ရေမကစားတာ သုံးနှစ်ရှိပြီဆိုတော့ လူငယ်တွေကဘယ်နေနိုင်တော့မလဲ ထွက်ကစားကြတာပေါ့လေ။ အများစုကတော့ ကလေးငယ်တွေပဲ ထွက်ကစားကြတာ။ အခုပေါက်တဲ့နေရာဆိုလည်း ဆိုင်ကယ်အပ်တဲ့နေရာ လုံခြုံရေးအပြည့်နဲ့ပဲ” ဟု မန္တလေးဒေသခံအမျိုးတစ်ဦးက  ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးဘဲ လက်ရှိတွင် စစ်ကောင်စီက လမ်းများကို ပိတ်ဆို့ပြီး အစစ်အဆေးတင်းကျပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ-န္တလေးမြို့၊ မြို့တော်ဝန်သင်္ကြန် ဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများအားတွေ့ရစဉ် 

#မန္တလေး #မြို့တော်ဝန်သင်္ကြန်ဗဟိုမဏ္ဍပ် #ဗုံးပေါက်ကွဲ #သေဆုံးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times