
ဆောင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ်(၁၂) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းတွင် HIV ပိုးရှိသူ၊ မူးယစ်ဆေးစွဲသူများနှင့် မသန် စွမ်းသူများ လိပ်ခေါင်းရောဂါသည်များအပြင် မျက်လုံးအားနည်းသူများပါ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) ကို တက်ရောက်နေရကြောင်းသိရသည်။
စစ်ကောင်စီ၏ အဆိုပါ စစ်မှုထမ်းသင်တန်းတွင် သင်တန်းသား ၂၄၈ ဦးအထိရှိပြီး ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်သင်တန်းပေးနေခြင်းဖြစ်သည်ဟု တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“HIV ရောဂါသည်တွေကို သပ်သပ် ထားတယ်။ အဲဒီလိုရောဂါသည်တွေ ထပ်ရောက် လာဖို့လဲ ရှိနေတယ်။ နေအရမ်းပူတော့ သင်တန်းသားတွေ ခဏခဏမူးလဲ သတိလစ် တာတွေလဲ မကြာခဏဖြစ်နေကြတယ်”ဟု ပလောက်မြို့ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းရှိ တပ်ကြပ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့နောက် ပလောက်မြို့၊ အမှတ်(၁၂) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်ရောက်နေကြရသည့် သင်တန်းသားများတွင် HIV ရှိသူ လူငယ် နှစ်ဦး၊ ဘယ်ဘက်လက်တစ်ဖက် မသန်သူ တစ်ဦး၊ ညာလက်မသန်၍ ပစ္စည်းကိုင်မရတစ်ဦး နှင့် ခြေတစ်ဖက်မသန်တစ်ဦးတို့ ပါဝင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ စစ်သင်တန်းရှိ သင်တန်းသားများကို သင်္ကြန်ကာလအတွင်းပိတ်ရက်မရှိ သင်ခန်းစာများပြု လုပ်မည်ဖြစ်ပြီး တနင်္ဂနွေနေ့ တစ်ရက်သာပိတ်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းတွင် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ အသက် ၆၀ အရွယ်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း နည်းပြ ဒုအရာခံဗိုလ် ဘို
အေးကို ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က သင်တန်းသားများရှေ့တွင် ထိုးကြိတ် ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ- ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ စစ်သင်တန်းသားများ
#ပလောက်မြို့ #တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း #မူးယစ်ဆေးစွဲ #HIV #မသန်စွမ်း #စစ်သင်တန်းတက် #Ayeyarwaddy_Times