ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများပြားကြောင်း သိရသည်။
အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် ပြီးခဲ့သည့် ဧပြီ ၁၀ ရက်၊ ညနေ ၃ နာရီ ၄၀ မိနစ်က စစ်ကောင်စီ၏ အင်အား ၅၀ ခန့်ပါစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်က မြေပြင်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြု တိုက်ခိုက်ခဲ့သော ကြောင့် တိုက်ပွဲသည် အချိန်တိုတောင်းသော်လည်း တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်ရှိရာ အမ်းသို့ ပြန်လည်တပ်ဆုတ်သွားခဲ့ပြီး တိုက်ပွဲအတွင်း AA ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ဧပြီ ၁၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ကြိုကြား ကြိုကြား တိုက်ပွဲများနှင့်အတူ ညနေ ၄ နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မျက်မြင်ငါးဦး သေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး AA ဘက်မှလည်း အလတ်စား ဒဏ်ရာရှိသူများရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ဧပြီ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်ကလည်း မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် ၂ဒသမ၅ ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောကျော်လမ်း) တွင် စစ်ကောင်စီတပ်နှင့် AA တို့ ၁ နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦး သေဆုံးပြီး ရှစ် ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုကဲ့သို့ တိုက်ပွဲများမဖြစ်ပွားမီကတည်းက အမ်းမြို့နယ်ထဲသို့ AA တပ်ဖွဲ့များ ဝင်ရောက်လာသည်ဟုဆိုကာ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီး သံကြိုးတောင်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီသည် မတ် ၁၉ရက်နေ့က AA တပ်ဖွဲ့များ ဝင်ရောက်မလာစေရန် အတွက် အမ်း- တောင်ကုတ်လမ်း၊ ကုတ်မောင်တန်ဂိတ်အနီးရှိလမ်းကို စက်ယန္တရားများ သုံး၍ ဖြိုချဖျက်ဆီးခဲ့သည်။
ပြီးခဲ့သည့် မတ် ၁ရက်နေ့ကလည်း အမ်း-စစ်တွေကားလမ်းပေါ်ရှိ ကျောက်စကွဲရွာ အနီးရှိတံတားနှင့် မီးလောင်ချောင်းအနီးရှိ တံတတို့ကို စစ်ကောင်စီက ဖြိုချဖျက်ဆီးခဲ့ပြီး အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာ အဝင်အထွက်တံတားတို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခတည်ရှိရာ အမ်းတွင် ခမရ-၃၇၁၊ ခမရ-၃၇၂၊ ခမရ -၃၇၃၊ အမှတ် (၂) ကုတင် ၃၀၀ဆန့် စစ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ခွဲ၊ အမှတ်(၈) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၉၂၆) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ်(၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ်(၇၅၇) လျှပ်စစ် အလုပ်ရုံတပ်ခွဲနှင့် အမှတ် (၁၀) တပ်ထိန်း တပ်ခွဲတို့ရှိကြောင်း သိရသည်။
#အမ်း #မောင်တော #စစ်ကောင်စီ #ရက္ခိုင့်တပ်တော်#AA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times