ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

အာရက္ခတပ်တော် AAသည် စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အမ်းဌာနချုပ်၊စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ ဖြစ်သည့် ဘူးသီးတောင် စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ် စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဖြစ်‌ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ယခင်ထုတ်ပြန်ထားသည့်အတိုင်း လက်နက်ချ အညံ့မခံသေးသော စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ယခုကဲ့သို့ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး တဆက်တည်းပြောလိုသည်မှာ ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထပ်မံ သတိပေးလိုက်သည်ဟု ယမန်နေ့ ဧပြီ ၁၂ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခတည်ရှိရာအမ်းတွင် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ အမှတ် ၂ကုတင် ၃၀၀ဆန့် စစ်ဆေးရုံ၊ အမှတ် ၉၄၆ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ခွဲ၊ အမှတ်၈ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၇၅၇ လျှပ်စစ် အလုပ်ရုံတပ်ခွဲနှင့် အမှတ် ၁၀ တပ်ထိန်း တပ်ခွဲတို့ရှိကြောင်း သိရသည်။

အမ်းရှိစစ်ကောင်စီတပ်စခန်းများကို AAကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အမ်းမြို့နယ် လုံးကျေးရွာနှင့် မင်းဘော်ကျေးရွာအနီးတို့တွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီ၏ စကခ ၁၅အခြေစိုက် ခလရ ၂၃၃၊ ခလရ ၂၃၄၊ ခလရ ၂၃၆၊ ခမရ ၃၄၅၊ ခမရ၃၅၁၊ ခမရ ၃၅၃၊ ခမရ ၅၃၅၊ ခမရ ၅၅၁၊ ခမရ ၅၅၂၊ ခမရ ၅၆၄၊ ခမရ ၅၆၅နှင့် အ‌‌ေမြှာက်တပ် အမတ ၃၆၈တို့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၅ ရက်က ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၅၆၄ကို AAကသိမ်းပိုက်ခဲ့ပြီး ဧပြီ ၅ရက်နေ့တွင်ပင် ခမရ ၅၆၅မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်ကို ဘူးသီးတောင်မြို့နယ် ဘဒနာကျေးရွာအနီးတွင် ဖမ်းဆီး ရမိကြောင်း AAကထုတ်ပြန်ထားသည်။

ထို့အပြင် မတ်လ ၂၅ရက်နေ့တွင် စစ်ကောင်စီ၏ တောင်ဘဇာစစ်စခန်းနှင့် ခမရ ၅၅၂တို့ကိုလည်း AAက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၅၊ ခမရ ၃၄၆၊ ခမရ ၅၄၄တို့ရှိပြီး AAနှင့် ကြိုကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီက တောင်ကုတ်ရှိ ဆားပြင်၊ ကင်းတောင်၊ နွားချောင်းနှင့် ဘူးသီးကွင်းကျေးရွာများသို့ စစ်ကောင်စီအင်အား ၁၂၀ပါ စစ်ကြောင်းနှင့် စစ်ကြောင်းထိုးကာ ဒေသခံအချို့ကိုဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#အမ်း #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #စကခ#ဘူးသီးတောင် #တောင်ကုတ် #AAထိုးစစ်ဆင်တိုက်ခိုက် #Ayeyarwaddy_Times