
ဆောင်းပါးရှင် – သံလက်သီး
ဧပြီ ၁၃ ရက်
ဒီကနေ့ဆိုလျှင် သင်္ကြန်အကြိုနေ့ရောက်ပြီ ဖြစ်သည်။ သင်္ကြန်ရောက်တော့ မနှစ်က သင်္ကြန်ကာလမှာ လူတိုင်းပါးစပ်ဖျား ရေပန်းစားခဲ့သည့် အဆိုတော်သားစစ်၏အဖြစ်အပျက်ကို ပြန်ပြောင်းသတိရမိသည်။ သားစစ်၏စကားဖြင့်ပြောရလျှင်မူ တဖန်ပြန်၍ သတိရမိသည်ပေါ့။
သားစစ်ဟု ဆိုလိုက်သည်နှင့် ကြမ်းတမ်းစွာ ဆဲဆိုတတ်သူ၊ စကားပြောရိုင်းစိုင်းသူ၊ အွန်လိုင်းပေါ်တွင် ပေါက်ကရ ထင်ရာလုပ်တတ်သူအဖြစ် မြန်မာပြည်သူအများစု သိကြသည်။ ကျွန်တော် လေ့လာမိ သလောက် သားစစ်သည် စိတ်ကူးပေါက်တိုင်း စစ်ဝတ်စုံ အပြည့်အစုံဝတ်ပြီး Facebook တွင် Live လွှင့်သည်။ Live ထဲတွင် သူ့ကိုလာဆဲသူတွေကို ပြန်ဆဲသည်။ တခါတလေ လိုင်းပေါ်မှာ ရန်ဖြစ်ပြပြီး အပြန်အလှန် စိန်ခေါ်တာတွေ လုပ်တတ်သည်။ ရုပ်သံဇာတ်လမ်းတိုလေးတွေရိုက်ပြီး တင်တတ်သည်။
သူ၏သီချင်းနှင့် အနုပညာကြောင့် လူသိများသူဟု ဆိုခြင်းထက် သူ၏ရိုင်းစိုင်းစွာ နည်းလမ်းပေါင်းစုံဖြင့် ဆဲဆိုတတ်ခြင်းနှင့် အွန်လိုင်းပေါ်ပေါက်ကရလုပ်ခြင်းကြောင့် လူသိများသူဟုဆိုလျှင် ပိုမှန်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်အများအပြား အာဏာသိမ်းစစ်တပ်ကို သပိတ်မှောက်ကြသည်။ စစ်တပ်နှင့်ပတ်သတ်သည့်ပွဲများ မလိုက်ကြဘဲ ငြင်းဆန်ကြသည်။
တချို့သောအနုပညာရှင်များက စစ်တပ်၏မတရားသည့် အဓမ္မလုပ်ရပ်ကို ရွံရှာသဖြင့် ပြည်သူနှင့်အတူ ရပ်တည်ကာ ခံယူချက်ရှိရှိဖြင့် သပိတ်မှောက်ခြင်းဖြစ်သော်လည်း တချို့ကတော့ စစ်တပ်နှင့်သွားပေါင်းလျှင် ပြည်သူတွေ အားမပေးတော့မည်ကို စိုးရိမ်သဖြင့် ဟန်ဆောင်ပန်ဆောင် သပိတ်မှောက်ကြခြင်း ဖြစ်သည်။
ထိုသို့ စစ်တပ်ကို သပိတ်မှောက်သည့်အထဲ အဆိုတော် သားစစ် မပါချေ။ ထို့ကြောင့် စစ်တပ်နှင့်ပတ်သတ်သော ပျော်ပွဲရွှင်ပွဲ၊ အခမ်းအနားများတွင်ဖျော်ဖြေရန် စစ်ကောင်စီက သားစစ်ကို ငှားသည်။ သားစစ်ကလည်း ပိုက်ဆံရသဖြင့် သီချင်းလိုက်ဆိုသည်။ ထိုအချက်ကို သားစစ်ကိုယ်တိုင်လည်း ဝန်ခံထားသည်။
ထို့ကြောင့် စစ်ကောင်စီပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲနှင့် သင်္ကြန်ပွဲများတွင် သားစစ်က စင်ပေါ်က သီချင်းဆိုပြီး စစ်တပ်ထောက်ခံသူအများအပြားက စင်အောက်၌ ကခုန်မြူးထူးနေသည့်ရုပ်သံများ လူမှုကွန်ရက်တွင် မြင်ရ တွေ့ရသည်။
၂၀၂၃ ခုနှစ် သင်္ကြန်ပွဲကို စစ်ကောင်စီက ကြီးကျယ်ခမ်းနားစွာ ငွေကုန်ခံကျင်းပသည်။ သားစစ်ကိုလည်း မန္တလေးမြို့တွင်ဖျော်ဖြေရန် ငှားရမ်းခဲ့သည်။ သင်္ကြန်ပွဲအတွင်း သီဆိုဖျော်ဖြေမှုများကိုလည်း မြန်မာ့ရုပ်မြင်သံကြား – MRTV၊ မြ၀တီ၊ Skynet စသည့် ရုပ်သံလိုင်းများတွင် တိုက်ရိုက် Live ထုတ်လွှင့် ပြသ ခဲ့သည်။
ယင်းအချိန်တွင် အဆိုတော်သားစစ်က စင်ပေါ်မှနေ၍ စင်အောက်မှလူများကို “ဘောမ ဘောမ”ဟု လိုက်အော်ခိုင်းသလို “စစ်ခွေးတွေက စျေးကြီးတယ်၊ ချီးစားခွေးနဲ့မတူဘူး”ဟု ပြောဆိုခဲ့သည်။ ထိုမျှမကသေးဘဲ သီချင်းဆိုရင်း စင်အောက်မှ လိုက်ခုန်နေသူများကို“ဘောမတွေ ခုန်ထား”ဟူ၍လည်း အော်ဟစ်အားပေးခဲ့သည်။
ထိုရုပ်သံဖိုင်က မြန်မာပြည်သူသန်းပေါင်းများစွာအသုံးပြုနေသည့် Facebook၊ YouTube၊ TikTok နှင့် Telegram တို့တွင် လျှင်မြန်စွာပျံ့နှံ့ခဲ့သလို ကြည့်ရှုသူလည်း အလွန်များခဲ့သည်။ မြန်မာပြည်သူတွေ ထိုရုပ်သံဖိုင်ကိုကြည့်ပြီး ဟားတိုက်ရီမောကြ၊ သဘောတွေကျကြသည်။
ပြည်သူတွေ ဘာကိုသဘောကျသနည်း။ စစ်အာဏာရှင်လူယုတ်မာတစ်စုလက်ချက်ကြောင့် မြန်မာတနိုင်ငံလုံး ဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီပြုလုပ်သည့်သင်္ကြန်မဏ္ဍပ်ရှေ့ ကခုန်နေကြသူများကို စစ်တပ် ထောက်ခံသူ၊ အသိဉာဏ်မရှိသော “ဘောမ”များအဖြစ် ပြည်သူတွေက သဘောထားကြသည်။
ယင်း“ဘောမ”များကို သားစစ်က တနိုင်ငံလုံးသို့ Live လွှင့်နေသည့်အစီအစဉ်၌ “ဘောမ”ဟု အားရပါးရ ပြောဆိုမှုကို ပြည်သူတွေ သဘောကျရယ်မောကြခြင်းဖြစ်သည်။ စာရေးသူလည်း ထိုရုပ်သံဖိုင်ကို ကြည့်သည့်အချိန်တွင် အားပါးတရ ရယ်မိသည်။ ယခုအချိန် ပြန်ကြည့်လျှင်လည်း သဘောကျ၍ ရယ်မိပြုံးမိနေဆဲဖြစ်သည်။
သားစစ်က“ဘောမ”တွေကို “ဘောမ”ဟု ဒဲ့ဆော်သည်။ ခေတ်စကားဖြင့်ပြောလျှင် ဒဲ့ဖြုတ်သည်။ “ဘောမတွေ ခုန်ထား”ဟု သားစစ်က မြှောက်ပေးချိန်တွင် စင်အောက်က“ဘောမ”တွေကလည်း ဘုမသိဘမသိဖြင့် ခုန်နေကြသည့်မြင်ကွင်းက ဘယ်အချိန်ကြည့်ကြည့် ရယ်စရာကောင်းသည်။
ထိုရုပ်သံဖိုင် ပေါက်သွားချိန်တွင် ပြည်သူတချို့က “သားစစ်ကို စစ်တပ်ကဖမ်းပြီး ဆော်ပလော် တီးတော့မယ်ထင်တယ်”ဟု ခန့်မှန်းပြောဆိုကြသည်။ ယင်းပွဲအပြီး သားစစ်အဖမ်းခံရသည်ဟုလည်း သတင်းသဲ့သဲ့ကြားရသည်။ အတည်ပြုနိုင်ခြင်းမရှိ၍ ထင်သည်၊ သားစစ် အဖမ်းခံရမှု သတင်းအတိအကျ ထွက်ပေါ်လာခြင်း မရှိခဲ့။
သို့သော် ၂၀၂၃ သင်္ကြန်အပြီး ၆ လခန့်အကြာ နှစ်ကုန်ပိုင်းတွင် ယင်းကိစ္စကို သားစစ်က ဆိုရှယ်မီဒီယာမှတဆင့် ရှင်းပြခဲ့သည်။ စစ်တပ်ထောက်ခံသူများဆွေးနွေးသည့် TikTok စကားဝိုင်း၌ သားစစ်က ဝင်ရောက်ပြောဆိုရင်း သူအဖမ်းခံခဲ့ရသည့် မန္တလေးသင်္ကြန်ဖြစ်စဉ်ကို ပြောပြခဲ့ခြင်းဖြစ်သည်။
“အဲ့တုန်းက စစ်တပ်ကကောင်တွေက ကျုပ်ကိုဖမ်းပြီးတော့ ဗဟိုကင်းတဲမှာ အဝင် ၅ ချက်၊ အထွက် ၅ ချက် ကျုပ်ကို ကြိမ်လုံးနဲ့ဆွဲတာ ခင်ဗျားတို့သိလား၊ ကျုပ်ကို အိမ်သာထဲမှာ ချီးအိုးသွန်ခိုင်းတယ်၊ သေးအိုးလည်း သွန်ရတယ်။ ထမင်းကြမ်းတွေ စားရတယ်။ ကျွန်တော်ထိုင်ထလုပ်ရတယ်၊ ဆိုင်ကယ်မောင်းရတယ်၊ သတင်းစာဖတ်ရတယ်”ဟု သားစစ်က ပြန်ပြောပြသည်။
ဆိုင်ကယ်မောင်း၊ သတင်းစာဖတ် ဟူသည်က စစ်ကောင်စီတပ်၏အချုပ်ခန်းအတွင်း၌ အကျဉ်းသားများကို ညောင်းညာကိုက်ခဲ၍ ချွေးဒီးဒီးကျ ပင်ပန်းဆင်းရဲစေရန် နှိပ်စက်သောနည်းလမ်းများဖြစ်သည်။
စစ်အာဏာရှင်တို့၏သရုပ်မှန်ကား ထိုအတိုင်းပင်ဖြစ်သည်။ သူတို့ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်လျှင် အဆင်ပြေသည်။ ထိုသို့မဟုတ်ဘဲ သူတို့မကြိုက်တာတစ်ခုခုလုပ်သည်နှင့် ဖမ်းဆီးရိုက်နှက်၊ အကျဉ်းချ သတ်ဖြတ်ဖို့ ဝန်မလေးသည်က စစ်အာဏာရှင်တို့၏ဓလေ့စရိုက်အမှန်ဖြစ်သည်။
ယခုလည်း စစ်တပ်ပွဲမှန်သမျှ လိုက်ဆိုခဲ့သူ သားစစ်ကို သူတို့မကြိုက်တာ လုပ်သည့်အတွက် စစ်တပ်က ကြိမ်လုံးနှင့်ရိုက်၊ ဖမ်းချုပ်ပြီး နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ကြသည်။ သားစစ်သည် အချုပ်မှလွတ်သည်နှင့် မြန်မာပြည်ကိုစွန့်ခွာ၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
“အဲ့ဒီမှာ ကျွန်တော်ကင်းမှူးကို နည်းနည်းပါးပါး ဂါပြီးတော့ လွတ်မြောက်နယ်မြေဘက်ကို ရှောင်ထွက်ခဲ့တယ်။ ကျွန်တော် တစိတ်ကုန်သွားပြီ”ဟု သားစစ်က အဆိုပါ စကားဝိုင်းတွင် ပြောဆိုသည်။
အာဏာသိမ်းစစ်တပ်၏ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှုတို့ကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ရသော သားစစ်တယောက် စစ်တပ်ကို အတော်လေးလန့်သွားဟန်တူသည်။
သေချာသည်က ၂၀၂၃ ခုနှစ် သင်္ကြန်ကာလ၌ စင်ပေါ်မှာတွေ့ခဲ့ရသော အဆိုတော်သားစစ်ကို ယခုနှစ် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်မဏ္ဍပ်များပေါ်တွင် ထပ်မံမြင်တွေ့ဖွယ်ရာ မရှိချေ။ အဆိုတော် သားစစ်သည်လည်း
သင်္ကြန်ရောက်တိုင်း စစ်တပ် ညှဉ်းပန်းနှိပ်စက်ခဲ့သမျှကို ပြန်လည်အမှတ်ရနေမည်ဟု စာရေးသူ ထင်မိသည်။
(ယခုဆောင်းပါးသည် စာရေးသူ၏အာဘော်သာ ဖြစ်ပါသည်။)
ဓာတ်ပုံ-ဓာတ်ပုံ၂၀၂၃ ခုနှစ် မန္တလေးမြို့မဏ္ဍပ်၌ဖျော်ဖြေခဲ့သည့်ပုံနှင့်၊ ၂၀၂၁ ခုနှစ် သင်္ကြန်ပွဲတစ်ခုတွင် စစ်တပ်မဏ္ဍပ်၌ဖျော်ဖြေနေသည့် အဆိုတော်သားစစ်