အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

စစ်ကောင်စီ၏ ခန့်အပ်သည့် ချင်းပြည်နယ် ဝန်ကြီး နှစ်ဦး လိုက်ပါစီးနင်းလာသည့် ကားတစ်စီး ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO)က ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဟားခါးမြို့၊ မြို့သစ် ရပ်ကွက်တွင် ယမန်နေ့ ဧပြီလ ၁၂ ရက်၊ မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ချင်းပြည်နယ် ဝန်ကြီးများ လိုက်ပါစီးနင်းလာသည့် ကားတစ်စီးသည် ချင်းလဲန်း ကာကွယ်ရေးတပ်-ဟားခါးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားထဲတွင် လိုက်ပါလာသူများအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“မနေ့က မြို့တွင်း စစ်ဆင်ရေးအနေနဲ့ ရုံးတက်ဖို့ ကားနဲ့လာကြတဲ့ ဝန်ကြီးတွေကို မြို့သစ် ရပ်ကွက်က လမ်းဆုံမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ကားပေါ်မှာ ဝန်းကြီးနှစ်ဦးအပြင် စစ်တပ်၊ ရဲတပ်ဖွဲ့တွေပါတယ်။ အဲ့ဒီ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဥ်မောင်းတွေက ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။”ဟု CDF(ဟားခါး)နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကားပေါ်တွင် ချင်းပြည်နယ် စီးပွားရေး ဝန်ကြီး၊ ၎င်း၏ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး နှင့် လူမှုရေး ဝန်ကြီးနှင့် ဇနီး၊ ၎င်းတို့၏ ယာဉ်မောင်း တစ်ဦး နှင့် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ ပါရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်ခြင်းသည် မြို့တွင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦး နှင့် ယာဥ်မောင်း တစ်ဦးတို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်မှုတွင်း နာရီဝက် ကြာမြင့်ခဲ့ပြီး ဟားခါးမြို့ရှိ စစ်ကောင်စီ၏ ရုန်းတောင် တပ်စခန်းကလည်း လက်နက်ကြီး နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ပုံစာ- ​ဟားခါးမြို့ကို တွေ့ရစဥ်။

#ချင်းပြည် #ဟားခါးမြို့ #ချင်းဝန်ကြီး #ကားပစ်ခတ်ခံရ #ထိခိုက်ဒဏ်ရာရ#Ayeyarwaddy_Times