
ဧရာ၀တီတိုင်းမ်
ဧပြီ ၁၂ ရက်
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထားနေသည့်အတွက် သင်္ကြန်ပွဲမဆင်နွှဲကြရန် ရက္ခိူင့်တပ်တော် (AA) က သတိပေးစာ ထုတ်ပြန်ထားသည်။
စစ်ကောင်စီက လူစုလူဝေးဟု ယူဆသည့်နေရာများကို အလစ်ချောင်းအငိုက်ဖမ်းပြီး လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ရန် ကြိုးပမ်းနေသည့်အတွက် လူစုလူဝေးပြုလုပ်ပြီး သင်္ကြန်ပွဲဆင်နွှဲခြင်း မပြုလုပ်ရန် AA က တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နေ့စဉ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ သည့်အပြင် တိုက်ပွဲများပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီ ကလည်း AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားသည့် ဒေသများနှင့် သိမ်းပိုက်ရန် ကြိုးစားနေသည့် နေရာများကိုပါ လူစုလူဝေးများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် စစ်ရေးပြင်းထန်နေသည့်ကာလဖြစ်သည့် အတွက် သင်္ကြန်ကာလတွင် မြို့ပြနှင့်ကျေးလက်ဒေသများ၌ လူစုလူဝေးများပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲများ မပြု လုပ်ကြရန် ရခိုင်ပြည်သူများကို AA က နှိုး ဆော်ထားသည်။
လူအများအပြား စီးနင်းလိုက်ပါလာသည့်ကားများဖြင့် မြို့ပြဒေသများ၊ တစ်မြို့နှင့် တစ်မြို့၊ တစ်ရွာနှင့် တစ်ရွာ ကခုန်လှည့်ပတ်ရေကစားခြင်း၊ လူစုလူဝေး ဖြစ်စေသည့် မဏ္ဍပ်များ၊ ရှိုးပွဲများပြုလုပ်ခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းထားသည်။
ထို့အပြင် ဘုန်းကြီးကျောင်းများ၌ လူစုလူဝေးကြီး များဖြင့် ဥပုသ်သီလစောင့်တည်ခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းများကိုလည်း လုံး၀မပြုလုပ်ကြရန် မေတ္တာရပ်ခံသည်ဟု AA က ဆိုထားသည်။
စစ်ကောင်စီက စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ် အငိုက်ချောင်းကာ ဦးတည်တိုက်ခိုက်တတ်သည့် အကျင့်ရှိသောကြောင့် သင်္ကြန်ကာလ အတွင်း မလိုလားအပ်သည့်အသက်များ အစုလိုက်အပြုံလိုက်သေဆုံး ထိခိုက်ဒဏ်ရာရရှိ မှုများမှ ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် တိုက်တွန်းချက်များကို လိုက်နာရန် AA က မေတ္တာရပ်ခံထား သည်။
#ရခိုင် #AA #သင်္ကြန် #လူစုလူဝေး #မပြုလုပ်ရန် #သတိပေးစာ #ထုတ်ပြန် #Ayeyarwaddy_Times