ဧရာ၀တီတိုင်းမ်
ဧပြီ ၁၂ ရက်

ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင်အတွင်းရှိ စစ်မှုထမ်းဟောင်းများအား စစ်ကောင်စီတပ်က စစ်မှု ပြန်လည်ထမ်းဆောင်ရန် ဆင့်ခေါ်ကာ ခံဝန်လက်မှတ်ထိုးခိုင်းပြီးနောက် ဧပြီလဆန်းပိုင်းတွင် ဆေးစစ်ရန် ခေါ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆေးစစ်ရန်ခေါ်ဆောင်ချိန်တွင် စစ်မှုထမ်းဟောင်းများကို အိမ်သို့ပြန်မလွှတ်တော့ဘဲ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ တောင်ငူမြို့အနီးရှိ ကေတုမတီမြို့သို့ ခေါ်ဆောင်သွားပြီးနောက် စစ်သင်တန်းများ ပြန်လည် တက်ရောက် ခိုင်းခဲ့ကြောင်း စစ်သင်တန်းတက်နေရသည့် စစ်မှုထမ်းဟောင်းမိသားစုဝင်များထံမှ သိရသည်။

“သူတို့ (စစ်ကောင်စီတပ်) က အဖေ့ကို မတ်လထဲမှာဆင့်ခေါ်ပြီးတော့ စစ်မှုပြန်ထမ်းဖို့အတွက် ခံဝန်လက်မှတ် ထိုးခိုင်းတယ်။ အဖေက အသက် ၆၀ ကျော်တော့ အသက်လည်းကြီးပြီ၊ ပြန်လည်းမလုပ်ချင် တော့ဘူး ဒါပေမယ့် ငြင်းမရတော့ လက်မှတ်ထိုးလိုက်ရတယ်။ နောက်တော့ ဆေးစစ်ဖို့ဆိုပြီး လာခေါ်သွားတယ်။ ပြီးတော့ အိမ်ပြန်မလွှတ်တော့ဘဲ စစ်ဌာနချုပ်ကို တန်းခေါ်သွားပြီး သင်တန်းတက်ခိုင်းတော့တာ”ဟု ပြည်မြို့နယ်မှ စစ်မှုထမ်းဟောင်းမိသားစုဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီu ၎င်းတို့ တပ်အင်အား အရေးပေါ် လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြဌာန်းခဲ့ပြီးနောက် စစ်မှုထမ်းဟောင်းများကို ပြန်ခေါ်သုံးရန်အတွက် အရန်တပ်ဖွဲ့ နည်းဥပဒေအား ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သည်။

အဆိုပါ အရန်တပ်ဖွဲ့နည်းဥပဒေအရ စစ်မှုထမ်းဟောင်းများကို မတ်လအတွင်းဆင့်ခေါ်ပြီးနောက် ဧပြီလဆန်းပိုင်းမှစတင်ကာ စစ်သင်တန်းများ ပြန်လည်တက်ရောက်ခိုင်းနေခြင်း ဖြစ်သည်။ စစ်မှုထမ်းဟောင်းများ စစ်သင်တန်းတက်နေချိန်တွင် စစ်ကောင်စီတပ်က ၎င်းတို့၏မိုဘိုင်းဖုန်းများကို သိမ်းဆည်းထားပြီး အိမ်နှင့်ဆက်သွယ်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

“စစ်မှုထမ်းဟောင်းတွေက အသက်တွေလည်း ကြီးပါပြီ။ တသက်လုံးလည်း တပ်ထဲမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ အမှုထမ်းခဲ့ကြပြီးပြီပဲ။ အသက် ၆၀ ပြည့်လို့ တပ်ပင်စင်လေးနဲ့ သူတို့ဘာသာ ဘ၀လေး အဆင်ပြေအောင် နေနေကြတာကို အခုလို ပြန်ခေါ်၊ အမှုပြန်ထမ်းခိုင်းတာတော့ မကောင်းပါဘူး။ ကျန်ခဲ့တဲ့ မိသားစုတွေမှာလည်း မျိုးစုံစိတ်ပူရ၊ စိတ်တွေဆင်းရဲရပါတယ်”ဟု ပြည်မြို့နယ်မှ စစ်မှုထမ်းဟောင်း မိသားစုဝင်က ပြောသည်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဟောင်းများကို ပြန်ခေါ်၍ စစ်သင်တန်းပေးနေသလို ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ဆင့်ခေါ်ထားသူ ထောင်နှင့်ချီသောလူငယ်များကို ရန်ကုန်၊ ဧရာ၀တီ၊ ပဲခူး၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ စစ်သင်တန်းကျောင်းများတွင် အပတ်စဉ် (၁) အဖြစ် ဧပြီလ ၈ ရက်နေ့မှစတင်ကာ အခြေခံ စစ်သင်တန်းများ ပေးအပ်နေကြောင်း သိရသည်။

ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင်အတွင်း၌ ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်နှင့် ပန်းတောင်းမြို့နယ်တို့ ပါဝင်ပြီး ပြည်မြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ကာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည် – ဒကစ) အပါအဝင် စစ်တပ်အများအပြား တည်ရှိသည့် မြို့လည်း ဖြစ်သည်။

ဓာတ်ပုံ-CJ
#စစ်မှုထမ်းဟောင်း #စစ်သင်တန်း#Ayeyarwaddy_Times