ဧရာဝတီတိုင်းမ်

ဧပြီ ၁၂ ရက်

ရာသီဥတုပူပြင်းသော အယ်နီညိုကာလ သက်ရောက်ချိန် အပူချိန်မြင့်မားနေသော မြို့ကြီးများတွင် ယခုရက်ပိုင်းအတွင် ရဟန်းတစ်ပါးအပါအဝင် အမျိုးသားနှင့် အမျိုးသမီး ငါးဦးထက်မနည်း ရုတ်တရက်လဲကျပြီး သေဆုံးမှုများဖြစ်ပွားလျှက်ရှိ ကြောင်း သိရသည်။

နွေရာသီအပူချိန် တဖြည်းဖြည်းမြင့်တက်ကာ အပူချိန် ၄၀ ဒီကရီစင်ဒီဂရိတ်ပတ်ဝန်းကျင်ရောက်ရှိချိန် ဧပြီ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် သွားလာနေရင်းရုတ် တရက်လဲကျသေဆုံးသူ ငါးဦးထက်မနည်းရှိ နေပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

“အရမ်းပူတော့ နေပြင်းတဲ့အချိန် အပြင်မသွားတာအကောင်းဆုံးပဲ။ သွားတာ လာတာ ဂရုစိုက်ရတယ်။ အဓိကတော့ ကလေးငယ်တွေနဲ့ ရောဂါအခံရှိသူတွေ သက်ကြီးရွယ်အို တွေပိုသတိထားသင့်ပါတယ်။ သွေးတိုး၊ ဆီးချိုရောဂါရှိသူ သွေးတွင်းအဆီဓာတ်များသူ တွေပိုသတိထားရမယ်။ အခုလို အပူအအေးမမျှတတဲ့အချိန် ရုတ်တရက် ဦးနှောက်သွေး ကြောပြတ်သေဆုံးတာအများဆုံးဖြစ်တတ်တယ်” ဟု အထွေထွေအထူးကု ဆရာဝန် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့က ညောင်ဦးမြို့၏ အပူချိန် ၄၃ ဒီကရီစင်တီဂရိတ်ရှိချိန်တွင်  အဖွားဖြစ်သူအသုဘအတွက် ရန်ကုန်မှ ပုဂံမြို့ပြန်ရာတွင် ကျောက်ပန်းတောင်း မြို့အရောက် အဝေးပြေးကား ခေတ္တရပ်နားစဉ်တွင် အမျိုးသမီးတစ်ဦး အဲယားကွန်း ကားပေါ်ကအဆင်း၌ ရုတ်တရက်လဲကျသွားပြီး ဦးနှောက်သွေးကြောပြတ် သေဆုံးသွား ကြောင်း သိရသည်။

ထို့ပြင်   ရန်ကုန်မြို့၏ အပူချိန် ၃၉ ဒီကရီစင်တီဂရိတ်ရှိချိန်  ဧပြီ ၉ ရက်နေ့က တောင်ဥက္က လာမြို့နယ်၊ ပါရမီလမ်းပေါ်ရှိ ပင်းယ ဘတ်စ်ကားမှတ်တိုင်အနောက် ဝမ်းတော်ပြည့် ဘုန်းကြီးကျောင်းဘေးတွင် ဦးဇင်တစ်ပါး ရုတ်တရုတ်လဲကျပြီး ပျံလွန်တော်မူ သွားကြောင်း မေတ္တာသီတာရေစင် ပရဟိတအသင်းထံက သိရသည်။

အဆိုပါ ဧပြီ ၉ ရက်နေ့တွင်ပင် မန္တလေးမြို့၏ အပူချိန် ၄၂ ဒီကရီစင်တီဂရိတ်ရှိချိန် ဈေးချိုဈေးတွင် ဈေးဝယ်နေရင်း အမျိုးသမီးတစ်ဦး ရုတ်တရက်လဲကျသွားသဖြင့် ဆေးရုံပို့ချိန်တွင် သေဆုံးသွားကြောင်း မဏီစလလူမှု/နာမှုကူညီရေးအသင်း ( မန္တလေးမြို့) ထံက သိရသည်။

ယင်းပြင် ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့ အပူချိန် ၃၇ ဒီကရီစင်တီဂရိတ်ရှိချိန်၌ အင်းစိန်မြို့နယ် ပေါက်တောဝမှတ်တိုင်တွင် လိုင်းကားပေါ်ကအဆင်း၌ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံးသွား ကြောင်းသိရသည်။

“အမျိုးသားတစ်ယောက်ပဲ ကားပေါ်က အဆင်းလဲကျပြီသေသွားတာ။ ဦးနှောက် သွေးကြောပြတ်ပြီးသေသွားတာ။ ရပ်ကွက်ထဲကလူတော့မဟုတ်ဘူး။ အပြင်ကပဲ၊ ဘယ်ကမှန်းမသိဘူး။ လိုင်းကားပေါ်ကဆင်းလာတာ။ အပူရှိန်ပြင်းတော့ သေဆုံး တာတွေရှိလာပြီ” ဟု စိတ္တသုခလမ်းတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့ကလည်း  ရွှေတိဂုံဘုရားအနောက်ဘက်မုခ် အသက် ၅၀ ကျော်အရွယ်အမျိုးသား တစ်ဦး လမ်းပေါ်လဲကျ သေဆုံးသွားကြောင်း RFA Burmese မီဒီယာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်နေ၍ ပူပြင်းသောနေရောင်ခြည် အောက်တွင် မဖြစ်မနေသွားလာရမည်ဆိုပါက ဦးထုပ်၊ ထီးဆောင်းရမည်ဖြစ်ကြောင်း၊ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့အောင် မျက်နှာ၊ လည်ပင်းတို့ကို နေရောင်ခံ လိမ်းဆေး SPF 15 + အထက် ပါဝင်သော UV ခရင်မ်ကို လိမ်းသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း  ပူပြင်းသော နွေရာသီကာလ မတ်နှင့် ဧပြီလတို့တွင် အပူရှိန်ကြောင့်ရုတ်တရုတ် လဲကျသေဆုံးသူများရှိခဲ့သည်။

ဓာတ်ပုံ – လူမှုကူညီရေးအသင်းများ

#အပူချိန်ပြင်းထန် #အယ်နီညိုရာသီဥတု #အပူရှိန်မြင့်တက် #ရုတ်တရက်သေဆုံး #Ayeyarwaddy_Times