မြရာ/ဧရာ၀တီတိုင်းမ်

ဧပြီ ၁၂ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်သားများသည်  အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ၀င်ရောက်ရန် ကြိုးစားရာတွင် ထိုင်းနိုင်ငံက လက်ခံခြင်းမရှိ၍ ယနေ့ ဧပြီ ၁၂ ရက်နေ့ နံနက်ပိုင်းအထိ   ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

ခလရ ၂၇၅ မှ စခန်းစွန့်ခွာ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်သည် ထိုင်းနိုင်ငံသို့၀င်ရောက်ရန် တောင်းဆိုမှုများရှိခဲ့သော်လည်း ထိုင်းနိုင်ငံသို့ ၀င်ခွင့်မရဘဲ ထိုင်း- မြန်မာနယ်စပ် အမှတ် (၂) တံတားတွင် ယနေ့ နံနက်ပိုင်းအထိ ဆက်လက် ပိတ်မိနေခြင်း ဖြစ်သည်။

“မနေ့ မနက်ပိုင်းကတည်းက အဲ့တံတားအောက်ရောက်နေတာ အခုထိပဲ။ မနေ့က ၀င်ခွင့်ရတယ်ဆိုတာက သေချာမသိဘူး။ အကြီးပိုင်းတွေကို ခေါ်မယ်လို့တော့ အသံ ကြားပေမယ့် အကုန်လုံးနီးပါးတော့ အဲ့နေရာမှာပဲရှိသေးတယ်”ဟု စစ်အာဏာသိမ်းမှု ကြောင့် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့်  မြန်မာနိုင်ငံသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့တွ မြို့စောင့်တပ် ခလရ ၂၇၅ ကို ၀င်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ  ပြန်လည်ခုခံခဲ့ သော်လည် ၎င်းတို့ စစ်ကောင်စီတပ် စစ်ကူများကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ခလရ -၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်သည် စခန်းစွန့်ခွာထွက် ပြေးသွားကြခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  ဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့များသည် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချ အညံ့ခံရန် ပြောဆိုညှိနှိုင်းမှုများလည်းပြုလုပ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ ၀င်ရောက်ရန်ခွင့်တောင်းနေသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုမပြုလုပ်ဘဲ ဆက်လက်စောင့်ကြည့်နေပြီး ထိုင်းစစ်တပ်ကလည်း ထိုင်းနိုင်ငံဘက်ခြမ်း၌ စစ်ရေး ပြင်ဆင်စောင့်ကြည့်လျက်ရှိ ကြောင်း ထိုင်းနိုင်ငံတွင် နေထိုင်သူ မြန်မာနိုင်ငံသား တစ်ဦးထံက  သိရသည်။

ဓာတ်ပုံ-KNU 

#ကရင် #မြ၀တီ #ခလရ၂၇၅ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #စခန်းစွန့်ခွာထွက်ပြေး #ထိုင်းနိုင်ငံ၀င်ခွင့် #အမှတ်၂တံတား #Ayeyarwaddy_Times