
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
အာဏာသိမ်းစစ်ကောင်စီကို နှစ်ပေါင်း (၂၀) ကျော်ကြာ အပစ်ရပ်ထားသည့် ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) (ခ) ကြယ်ဖြူပြည်သူ့စစ်အဖွဲ့က တော်လှန် ရေးအင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်သွားမည်ဟု တရားဝင်ထုတ်ပြန် စစ်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ KNSO (ခ) ကြယ်ဖြူသည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ၏ ခွဲထွက်အဖွဲ့ဖြစ်ပြီး ကရင်နီပြည်၊ လိုပွာခိုခရိုင် (မော်ချီးဒေသ)အတွင်း အခြေစိုက်၍ ၂ဝဝ၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်တွင် စစ်တပ်နှင့်ငြိမ်းချမ်းရေးယူကာ ပြည်သူ့စစ်အဖြစ် အသွင် ပြောင်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လပိုင်းက KNSO (ခ) ကြယ်ဖြူ ဌာနချုပ်ရုံး အခြေပြုရာ ခဲမဖြူ ကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ မော်ချီးရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက် ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့က ဧပြီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ထို့ကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ကရင်နီပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်း၍ စစ်အာဏာရှင် ကျဆုံးရေးနှင့်အာဏာ ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ ပါဝင်တော်လှန် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း KNSO က ဆိုသည်။
“KNSO အဖွဲ့ကတော့ အရင်ကတည်းက ကျွန်တော်တို့ အောက်ခြေရဲဘော်တွေနဲ့ အတူတူပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေတာတွေလည်း ရှိပါတယ်။ အခုကတော့ တရားဝင် KSCC ထဲမှာ သူက ပူးပေါင်းပါဝင်လာတာပဲ ဖြစ်တယ်ပေါ့” ဟု ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ၎င်းတို့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်း ပန်းခြင်း၊ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်အားကိုး၍ အင်အားသုံး တိုက်ခိုက် ခြင်းများကို နည်းအမျိုးမျိုးဖြင့် ပြုလုပ်လာခဲ့သည်။
ထို့ကြောင့် ကရင်နီပြည်တွင်းရှိ ပြည်သူများသာမကဘဲ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ များစွာ အသက်ဆုံးရှုံးခဲ့ရသည့်အပြင် လူငယ်လူရွယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများ ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသဖြင့် စစ်ကောင်စီ၏ လုပ်ရပ် များအပေါ် လုံးဝကန့်ကွက် ရှုတ်ချကြောင်း KNSO က ထုတ်ပြန်ပြောဆိုသည်။
“ကျွန်တော်တို့ကတော့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မည်သည့်အဖွဲ့အစည်းမဆို၊ မည်သည့်အစုအဖွဲ့မဆိုမဆို ပူးပေါင်းဆောင်ရွက်လာမှု အပေါ်မှာတော့ တော်လှန်ရေးအတွက် ပိုပြီးတော့မှ ညီညွတ်ရေးကို တည်ဆောက် နိုင်တယ်။ တော်လှန်ရေးအတွက်လည်း အားပိုမိုဖြစ်ပါတယ်။ ပြည်သူလူထုကလည်း တော်လှန်ရေးအပေါ် ယုံကြည်မှုတွေ ပိုပြီးရှိလာနိုင်တယ်” ဟု KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောသည်။
အလားတူ ယခင်နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ၍ နှစ်ပေါင်း ၃၀ နီးပါးကြာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ရပ်တည်ခဲ့သော ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) ကလည်း တော်လှန်ရေးအဖွဲ့များနှင့် အတူ ရင်ဘောင်တန်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-ကန္တာရ၀တီတိုင်းမ်
ပုံစာ- KNSO (ခေါ်) ကြယ်ဖြူအဖွဲ့ဝင်များအား တွေ့ရစဉ်
#စစ်ကောင်စီ #KNSOပြည်သူ့စစ် #တိုက်ခိုက်သွားမည် #စစ်ကြေညာ #Ayeyarwaddy_Times