
အိဏ့်လင်းအိမ်/ဧရာဝတီတိုင်းမ်
(ပြည်)၊ ဩဂုတ်လ ၄ ရက်
ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက သုံးဘီး ဆိုင်ကယ်မောင်းနှင်သူတွေကို လုပငန်း လိုင်းစင်ထုတ်မပေးဘဲ ငွေ ၃ သောင်း ဒဏ်ရိုက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန်လပိုင်းကစတင်ကာ အမိုးပါတဲ့ ဆိုင်ကယ်တွေ၊ အိုးဝေပုံစံမျိုး အမိုးပါတဲ့ ကိုယ်ပိုင်လူစီး သုံးဘီးဆိုင်ကယ် တွေကို မြို့နယ်ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးပူးပေါင်အဖွဲ့တွေက လုပ်ငန်းလိုင်စင်မလုပ်ဆောင်လို့ အကြောင်းပြပြီး ဖမ်းဆီးကာ ဒဏ်ငွေ ၃ သောင်း ဒဏ်ရိုက်တာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ အမှု ၁ မှုကို သုံးသောင်းပါ၊ လုပ်ငန်းလိုင်စင်မရှိရင် ၃ သောင်း ယာဉ်မောင်းလိုင်စင်မရှိရင် ထပ်တိုး သုံးသောင်း ဖမ်းဆီးဒဏ်ရိုက်ပြီးရင် တစ်လကင်းလွတ်ခွင့်ပေးတယ်”လို့ ဒေသခံ သုံးဘီးယာဉ်မောင်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သုံးဘီးဆိုင်ကယ်တွေကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက လိုင်စင်နဲ့ ဝှီးတက်မှာ အမှတ်အသားလုပ်ပေးကာ တစ်လအဖမ်းကင်းလွတ်ခွင့်ပေးတာကြောင့် လိုင်စင်တွေထုတ်မပေး ချိန်မှာ သုံးဘီးဆိုင်ကယ်မောင်းနှင်းရသူတွေက အဖမ်းခံချင်လို့ စစ်ဆေးရေးဂိတ်တွေကို ရှောင်မမောင်းတော့ တာတွေရှိတယ်လို့ ဆိုပါတယ်။
ပြည်မြို့မှာ အရင်က သုံးဘီးဆိုင်ကယ်တွေကို ဖမ်းဆီးဒဏ်ရာတာမျိုးမရှိပေမယ့် စစ်ကောင်စီခန့်ထားတဲ့ လူကြီး လမ်းကြောင်းရှေ့မှာ သုံးဘီးဆိုင်ကယ်ပိတ်မောင်းမိတဲ့နောက်ပိုင်း ဖမ်းဆီးတာတွေပြုလုပ်လာတာလို့ ဆိုပါတယ်။
သုံးဘီးဆိုင်ကယ်မောင်းနှင်သူတွေအတွက် လုပ်ငန်းလိုင်စင်တွေကို ပြည်မြို့မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ပိုင်းမှာထုတ်ပေးမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်လို့ ဒေသခံသုံးဘီးပွဲစားတွေက ပြောပါတယ်။
“ တရားဝင်လိုင်စင်တော့ ထုတ်မပေးသေးဘူး ၉ လပိုင်းထုတ်ပေးမယ် ကြားတယ်၊ ခုက ပြည်လိုင်စင် အနက်သမားလည်းဖမ်း၊ နယ်လိုင်စင် အနက်သမားလည်း နယ်ကျော်ဆိုပြီးဖမ်းနေတယ် အကြောင်းပြတာတော့ လုပ်ငန်းလိုင်စင်ကိစ္စအကြောင်းပြဖမ်းတယ်၊ သုံးဘီးယာဉ်ဆိုတာမျိုးက လိုင်စင်မဲ့ မရှိဘူး အခုရောင်းတဲ့ သုံးဘီးဆိုင်ကယ်အကုန်လုံးက ကညနမှာ တရားဝင်လိုင်စင်ဝင်ပြီးသားတွေပဲ”လို့ ပြည်မြို့ခံသုံးဘီးဆိုင်ကယ်ပွဲစားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
သုံးဘီးဆိုင်ကယ်တွေက ကညနမှာ တရားဝင်လိုင်စင်ဝင်ပြီးရောင်းချရတာကြောင့် ခုလိုမျိုး လိုင်စင် အကြောင်းပြဖမ်းနေရင် လုပ်ငန်းလိုင်စင်မရှိတဲ့အတွက် ဒဏ်ငွေရိုက်လို့ရပေမယ့် ဆိုင်ကယ်သိမ်းယူလို့မရဘူး လို့ ဆိုပါတယ်။
ပြည်မြို့နယ်မှာရှိတဲ့ ကညနရုံးကို သုံးဘီးဆိုင်ကယ်လုပ်ငန်းလိုင်စင်ထုတ်ပေးမယ့်သတင်းနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် ဧရာဝတီတိုင်းမ်အနေနဲ့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။
ပြည်မြို့နယ်မှာ ၂၀၂၁ ခုနှစ်ကစတင်ကာ သုံးဘီးဆိုင်ကယ်အရေအတွက် ၁၀၀၀ ကျော်ထိ မောင်းနှင်သူရှိခဲ့ တယ်လို့ သုံးဘီးဆိုင်ကယ်မောင်းနှင်သူတွေထံကနေသိရပါတယ်။