ကြယ်စင်/ဧရာဝတီတိုင်းမ်
(မောင်တော)၊ ဩဂုတ်လ ၄ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဩဂုတ်လ ၃ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့လို စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မောင်တောမြို့မှာ မနက် ၃ နာရီကျော်ကနေ ၅ နာရီအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့သလို ရက္ခိုင့်တပ်တော် အေအေ တပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့လို့ ဆေးရုံတင်ထားရတယ် လို့ ရက္ခိုင့်တပ်တော် AA နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
“စစ်ကောင်စီဘက် ၁၈ ဦးသေတယ်။ AA ဘက်ကတော့ ၃ ဦးဒဏ်ရာရတယ်။ တိုက်ပွဲက ၃ နာရီကနေ ၅ နာရီ လောက်ထိဖြစ်တာ”လို့ ရက္ခိုင့်တပ်တော် – AA နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားအပြီး စစ်တွေမြို့ဘက်ကို သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာတွေ ပိုမိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။ မောင်တောမြို့မှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံအမျိုးသား တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။