ဧရာဝတီတိုင်းမ်
သြဂုတ်လ ၄ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် စး်ကောင်စီတပ်နှင့် KA၊ KNDF ၊ PDF ပူးပေါင်းအဖွဲ့များအကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ ပိတ်ထားရသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့တဲ့နှစ် မေလနှောင်းပိုင်းကစတင်ကာ ရှမ်း – ကယားနယ်စပ်ဒေသဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားလာသည့်အတွက် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများကို ပင်လောင်းမြို့နှင့် တောင်ကြီးမြို့ရှိ ရုံးများတွင် ပြောင်းရွေ့ဖွင့်ထားရသည်ဟု ဒေသခံအချို့က ဆိုသည်။

” ဖယ်ခုံမှာ ဌာနဆိုင်ရာရုံးတွေ မလည်ပတ်နိုင်တာ တစ်နှစ်ကျော်ကြာပြီ။ လဝက၊ ပညာရေး၊ စည်ပင်၊ စီမံကိန်းရုံးတွေဆို ပင်လောင်းမှာ သွားဖွင့်ရတယ်။ EPC ရုံးတောင်မှ ပင်လောင်းမှာဖွင့်ထားရလို့ ဖယ်ခုံမှာမီးပျက်ရင် ပြန်လာပြီးပြင်နေရတယ်။ စိုက်ပျိုးရေး၊ မြေစာရင်း၊ စာရင်းစစ်နဲ့ သစ်တောဌာနတွေကြတော့ တောင်ကြီးမှာ တွဲဖွင့်ထားရတယ်” ဟု ဖယ်ခုံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ဌာနဆိုင်ရာရုံးများအား ရွေ့ပြောင်းဖွင့်လှစ်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးမှာမူ စစ်ကောင်စီတပ်စခန်းဖြစ်သည့် စကခ (၇) အတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖယ်ခုံမြို့ရှိ စာသင်ကျောင်းများနှင့် ပညာရေးရုံးတို့အား ပင်လောင်းမြို့သို့ ပြောင်းရွေ့ထားရသည့်အတွက် Non -CDM ပညာရေးဝန်ထမ်းများမှာ ပင်လောင်းမြို့သို့ သွားရောက်၍ ထုတ်ယူနေရကြောင်း Non – CDM ပညာရေးဝန်ထမ်းအချို့ထံမှ သိရသည်။

” ဖယ်ခုံက Non – CDM ဆရာ ဆရာမ ပင်လောင်းစာသင်ကျောင်းမှာ တွဲခန့်ထားတယ်။ ပညာရေးလစာ ဆိုလဲ တစ်ခါတစ်လေ ပင်လောင်းမာ သွားထုတ်ရတယ်။ ပင်လောင်းမှာသွားထုတ်ရတော့ ကားစုပြီးငှားသွားရတယ်ရှင့်။ ​ကျောင်းပြောင်းလက်မှတ်တွေကျတော့ စကခ ၇ ဂိတ်မှာ သွားယူရတယ်ရှင့်။ ပညာရေးမှူး ဦးလှမြင့်က အဲ့ထဲမှာ နေတာဆိုတော့ ” ဟု Non – CDM ကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သို့သော်လည်း ဖယ်ခုံမြို့ခံ ပင်စင်စားများအတွက် ပင်စင်လစာများအား မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးလျှက်ရှိကြောင်း အခြား ပုဂ္ဂိလကဘဏ်တစ်ခုဖြစ်သည့် ကမ္ဘာ့ရတနာဘဏ်မှာလည်း ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။