ဟိန်းစံ/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၄ ရက်

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်ဆန်းအား ကစားကွင်းပတ်လည်တွင်ဖွင့်လှစ်ထားသည့် အဝေးပြေးယာဥ်လိုင်းဌာနခွဲဂိတ်များမှ တန်ဆာပို့ဆောင်၍ မရတော့ကြောင်း ရန်ကုန်အဝေးပြေးယာဥ်လိုင်းအသိုင်းအဝိုင်းနှင့် ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတချို့ ထံကသိရသည်။

အဆိုပါ အောင်ဆန်းကွင်း ယာဥ်လိုင်းဂိတ်ခွဲများကို ကားလက်မှတ်အရောင်းသာဆက်လက်ခွင့်ပြုမည်ဖြစ်ပြီး ပါဆယ်ပစ္စည်းပို့ဆောင်ခွင့်ကို သြဂုတ်လ ၄ ရက် ယနေ့ မှစတင်၍ ရန်ကုန်စစ်ကောင်စီကပိတ်ပင်လိုက်ကာ ပါဆယ် ပစ္စည်းပို့ဆောင်လိုပါက အောင်မင်္ဂလာအဝေးပြေးကားဝန်းသို့သွားရောက်ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

” ဒီနေ့ကစပြီးတော့ နောက်ရက်တွေအတွက် တန်ဆာပစ္စည်းလက်မခံဖို့လာပြောတယ်။ လက်မှတ်ရောင်းတော့ရတယ်ပေါ့။ ဒီကနေတဆင့်ပို့လို့မရတော့ဘူး။ ပစ္စည်းပို့ချင်ရင် အောင်မင်္ဂလာဝန်းအထိသွားပို့ရတော့မယ်ပေါ့။

ဒီကျနော်တို့တွေက ပါဆယ်အသေးအမွှား ပို့ချင်တဲ့အများပြည်သူတွေ အဝေးကြီးမသွားရအောင်၊ အဆင် ပြေအောင်လက်ခံပေးတာ။ သူတို့က မြို့တွင်းမှာ ပါဆယ်တွေကနေပေါက်ကွဲတာတွေဖြစ်နိုင်တယ်ပေါ့၊ ဒီမြို့တွင်းဂိတ်တွေက နဂိုထဲက တန်ဆာလက်ခံခွင့်မရှိဘူးဆိုတာနဲ့ကိုင်ပြီး ပိတ်ခိုင်းတာ။ ကာလကဘယ်၍ဘယ်မျှထိတော့မသိဘူး၊ရက်အကန့်အသတ်မရှိလို့ဘဲအကြမ်းဖျဥ်းသိထားတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ရန်ကုန်အခြေစိုက်အဝေးပြေးယာဥ်လိုင်းတာဝန်ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိအောင်ဆန်းကွင်းရှိကားဂိတ်များအနေဖြင့်လည်း ပါဆယ်ပစ္စည်းတခုချင်းစီတိုင်းအား ဖွင့်ဖောက်စစ်ဆေးပြီးမှလက်ခံခြင်းဖြစ်ကာ စစ်ကောင်စီကန့်သတ်ထားသည့်ပစ္စည်းများကိုလက်ခံခြင်းမရှိဟုလည်း ၄င်းကဆက် လက်ပြောသည်။

ယင်းကဲ့သို့ မြို့တွင်းကားဂိတ်များမှ ပါဆယ်ပို့ဆောင်ခွင့်ပိတ်ပင်လိုက်သောကြောင့် ပါဆယ်ပစ္စည်းပို့ဆောင်ရေး (Delivery)လုပ်ငန်းအများစုနှင့် ရန်ကုန်မြို့ခံများအတွက် ပိုမိုခက်ခဲသွားမည်ဖြစ်ကြောင်း အသေးစား Delivery လုပ်ငန်းရှင်တဦးကပြောသည်။

” ကျနော်တို့က Onlineကမှာတဲ့ပစ္စည်းတွေကို Deliလက်ခံပြီးပို့ပေးရတာပေါ့နော်။ အဲ့ဒီိလိုလက်ခံတဲ့အခါမှာလည်း ကားဂိတ်တွေမရောက်ခင်ကျနော်တို့က အရင်စစ်ဆေးပြီးမှလက်ခံတာပေါ့။ရုံး က အောင်ဆန်းကွင်းနဲ့နီးတာပေါ့၊ အွန်လိုင်းပစ္စည်းဆိုတာလည်း ကြီးကြီးမားမားနည်းတယ်။ အထည်လေး၊ရေမွှေးပုလင်းလေးအသေးတွေကများတယ်။ အောင်ဆန်းကွင်းကပို့ဖြစ်တာများတာပေါ့။ ဒီပစ္စည်းအသေးလေးတွေကအစ အောင်မင်္ဂလာအထိသွားပို့ရမယ်ဆိုတော့အဆင်မပြေတော့ဘူး” ဟု Delivery လုပ်ငန်းရှင်အမျိုးသားတဦးကပြောသည်။

ပြီးခဲ့သည့်မေလအတွင်း စစ်ခေါင်းဆောင် မင်းအောင် လှိုင် အောင်ဆန်းကွင်းလာရောက်မည့်ရက်ပိုင်းအတွင်းကလည်း ယင်းကဲ့သို့ ပတ်ပင်မှုပြုလုပ်ခဲ့ပြီး ၇ ရက်ခန့် အကြာတွင်ပြန်လည်လက်ခံခွင့်ပြုခဲ့ကြောင်းသိရသည်။

” ဒီရန်ကုန်မြို့ထဲမြို့နယ်တွေပေါ့နော် တောင်ညွှန့်၊ပန်းဘဲတန်း၊ကျောက်တံတား ရန်ကုန်ဒီဘက်တခြမ်းလုံးကမြို့တွေက အောင်ဆန်းကွင်းကိုဘဲအားပြုပြီး ပို့ရတာပေါ့။ သာကေတ လောက်ကလူက မင်္ဂလာဒုံထိသွားပို့ရမယ်ဆိုရင်အခက်တွေ့တာပေါ့” ဟု ရန်ကုန်မြို့ခံအမျိုးသမီးတဦးကပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် အဝေးပြေးကားများဖြင့် တန်ဆာပစ္စည်းတင်ပို့မှုအား ဒရုန်း၊မှန်ဘီလူး၊သံထည်ပစ္စည်းများအပါအဝင် ပစ္စည်း ၁၉ မျိုးအားကန့်သတ်ထားပြီး လမ်း ခရီးတလျှောက်စစ်ဆေးရေးဂိတ်များတွင်လည်း တင်း ကျပ်သည့်စစ်ဆေးမှုများပြုလုပ်ကြောင်း အဝေးပြေး ယာဥ်လိုင်းများထံကသိရသည်။