ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မုံရွာ၊ ဇွန်လ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးရှိ ကျေးရွာများကို ဝင်ရောက်သတ်ဖြတ်မီးရှို့နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၂၆ ရက် ယနေ့ နေ့လည် ၁၂ နာရီ ၄၀ မိနစ်တွင် ထန်းတောကြီးကျေးရွာသို့ သေနတ်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်းမှုများဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါစစ်ကြောင်းသည် ဇွန်လ၂၄ရက်နေ့က ဖောင်းကတာရွာသို့ဝင်ရောက်ဆီးနင်းခဲ့ရာ ဒေသခံ ၄၀ ဝန်းကျင်ကိုဖမ်းဆီးကာ ၂ ဦးကိုပစ်သတ်ခဲ့ပြီး ယနေ့တွင် ၃၂ ဦးကိုပြန်လည်လွှတ်ပေးခဲ့ကာ ဖောင်းကတာရွာမှတဆင့် ထန်းတောကြီးရွာသို့ဆက်လက်စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

” ဒီမနက်တော့ ဖောင်းကတာက လူ ၃၀ ကျော်လောက်ပြန်လွှတ်ပေးလိုက်တယ်။ ၂ ယောက်ကိုပစ်သတ်သွားတယ်။ နေ့လည်က ဖော​င်းကတာ ကနေ ထန်းတောကြီးကို ဆက်ပြီးဝင်စီးနေတယ်။ ဖောင်းကတာက ရွာသား ၂ ယောက်ကိုလည်း လမ်းပြဓားစာခံလုပ်ပြီးခေါ်သွားတယ်။ ခုက ရွာတွေကအကုန်ပြေးနေကြရတာ” ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ထန်းတောကြီး မြစ် ကမ်းဘက်မှ သေနတ်များ ပစ်ခတ်ကာရွာကိုဝင်စီးနင်းနေပြီး ထိခိုက်သေဆုံးမှုနှင့်ကျေးရွာဖျက်ဆီးခြင်းခံရမှုအခြေအနေများရှိနေကာ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့်ဆက်လက်စုံစမ်းမှုများပြုလုပ်နေသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၁ ရက်နေ့မှစ၍ လက်ပံတောင်းတောင်ဝမ်ပေါင်ကြေးနီစီမံကိန်း အနီးတဝိုက်ရှိကျေးရွာများကို ဆက်တိုက်ဆိုသလို ဝင်ရောက်စီးနင်းသတ်ဖြတ်မီးရှို့နေသဖြင့် ရွာပေါင်း ၂၀ နီးပါးမှ ဒေသခံ ၂၀၀၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံကသိရသည်။