
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ငပုတော၊ ဇွန်လ ၂၆ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ နယ်မြေရဲစခန်းမှာ PDF နှင့် ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံအမျိုးသားတစ်ဦးမှာ စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်အုပ်စု၊ အလယ်ရွာတွင် နေထိုင်သူ အုန်းပင်တက်အလုပ်လုပ်ကိုင်နေသူ ဦးဝင်းဘိုဆိုသူဖြစ်ပြီး သာမန်ဒေသခံတစ်ဦးဖြစ်ပေမယ့် စစ်ကောင်စီသတင်းပေး (ဒလန်) အေးကိုရဲ့ တိုင်ကြားမှုကြောင့် ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံအချို့က ဆိုပါတယ်။
” လွန်ခဲ့တဲ့ ၃ ရက်က ငရုတ်ကောင်းရဲစခန်းမှာ စစ်သားတွေနှိပ်စက်လို့ သေပြီဆိုတာခုမှသိရတာပါ။ ဖမ်းသွားတာ ဇွန်လ ၁၃ ရက်နေ့ထဲကဖမ်းသွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဦးဝင်းဘိုရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ် နဲ့ ရဲများက မိသားစုဝင်များထံပြန်လည်အပ်နှံခြင်းမရှိပဲ ၎င်းတိို့ရဲ့အစီအစဥ်နဲ့ သင်္ဂြိုဟ်လိုက်တယ်လို့ ၎င်းရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
” အလောင်းလည်းပြန်မရဘူး။ ဘယ်လိုဒဏ်ရာ ဒဏ်ချက်တွေနဲ့ သေရတယ်ဆိုတာကို မသိရဘူး။ သူတို့ဟာသူတို့ သင်္ဂြိုဟ်လိုက်တာ” လို့ ဦးဝင်းဘိုရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့က ငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသခံ ၁၅ ဦးကျော်ကို စစ်ကောင်စီတပ်များက စွပ်စွဲဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် တစ်ဦးသေဆုံးခဲ့ကာ ကျန် ၁၄ ဦးမှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေ့အရ သိရပါတယ်။