ဧရာဝတီတိုင်းမ်

(ကျိုက်ထို)၊ ဧပြီ ၁၀ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် ယမန်နေ့ ဧပြီ ၉ ရက်၊ နံနက် ၈ နာရီဝန်းကျင်က ပဲခူးတိုင်းဘက်မှ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း ၁၈ စီးကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးပစ်မှတ်အနေဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဘက်မှ ကရင်ပြည်နယ်အတွင်းသို့ အင်အားပို့ဆောင်ရန်လာသည်ဟု ယူဆ ရသည့် စစ်ကောင်စီယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားသုံးစီးပျက်စီးခဲ့ပြီး ယာဉ်တန်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးကာ  အရာရှိ နှစ်ဦးအပါအဝင်  ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲဒါကတော့ အတိအကျမသိရဘူးနော်။ ကျွန်တော် ထင်တာကတော့ ကရင်ပြည်နယ်နဲ့ ရေးဘက်ကို စစ်ကူလွတ်ဖို့ပဲလို့ထင်ပါတယ်။ တချို့ကားတွေမှာ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပါတယ်။ တချို့ကားတွေကျတော့ ယာဉ်မောင်းရယ်၊ ယာဉ်နောက်လိုက်ရယ် အနောက်မှာ တာယာတွေရယ် ပါတာပေါ့။ တချို့ကားတွေကျတော့ ဆီပုံးတွေပါတာပေါ့ အဲ့လိုသုံးမျိုးသုံးစားပါလာတယ်နော်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက  ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အဆိုပါနေ့ နေ့လယ်ပိုင်းတွင်လည်း လက်ပံပင်သင်္ချိုင်းရှေ့ရှိ စစ်ကောင်စီ တပ်ဖွဲ့များ နေထိုင်ရာအိမ်ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး တိုက်ခိုက်မှု များကို ကျိုက်ထိုတော်လှန်ရေး‌အင်အားစု(KRF)၊ KNU၊KNLA၊ ကဝ-ပကဖ၊ ABSDF၊ PDF တပ်ရင်း-၃၊ ကျိုက်ထိုပကဖ၊ NightHawks အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ကရင်ပြည်နယ်၊ မြဝတီဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား နေသည့် အတွက် စစ်ကောင်စီက စစ်အင်အားများစွာကို နီးစပ်ရာ ဒေသအသီးသီမှ ပို့ဆောင်နေပြီး ယနေ့ ဧပြီ ၁၀ ရက်နေ့တွင်လည်း ဘားအံမှ မြဝတီဘက်သို့ သံချပ်ကာကား နှစ်စီး အပါအဝင် ကားအစီးရေ ၃၀ ကျော် ထွက်ခွာသွားကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံက သိရသည်။

ဓာတ်ပုံ – အင်တာနက်

#ကျိုက်ထို #စစ်ကောင်စီယာဉ်တန်း #တိုက်ခိုက်ခံရ #၈ဦးသေဆုံး #အင်အားဖြည့် #Ayeyarwaddy_Times