
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၁၀ ရက်
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားသော မြို့များတွင် စစ်ဆင်ရေး များပြုလုပ်ပြီး ချင်းညီနောင်အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်းတွင် အဓိကစစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်ပြီး အထူးသဖြင့် ကန်ပက်လက်နယ်၊ မင်းတပ်နယ်နှင့် ယောနယ်တို့တွင် စစ်ရေးအရှိန်များ ပိုမိုမြင့်တက် လာမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ထံက သိရသည်။
“စစ်ကောင်စီရှိနေတဲ့ မြို့တွေ၊ ရပ်ကွက်တွေထဲမှာ ပိုပြီးတော့မှ စစ်ရေးအရှိန်မြှ င့်တင်သွားမယ်။ ၂၀၂၄ ခုနှစ်မှာတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေတွေဖြစ်လာအောင် မျှော်မှန်းထားတာ။ အဲ့ဒီမျှော်မှန်းချက်ကို ဦးတည်ပြီးတော့ လမ်းစဉ်တွေ ချမှတ်တာ၊ လုပ်ဆောင်ချက်လုပ်တာတွေ ရှိတယ်။ ချင်းညီနောင်ရဲ့ နောက်ပိုင်းတွေမှာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် စစ်ရေးလှုပ်ရှားမှုမှန်သမျှဟာ ချင်းညီနောင်ရဲ့ စစ်ရေးလှုပ်ရှားဖြစ်မယ်။ ချင်းညီနောင်အနေနဲ့ စစ်ဆင်ရေးရော အများကြီးလုပ်သွားဖို့ ရှိတယ်ပေါ့နော်။ ဆိုတော့ ၂၀၂၄ခုနှစ်ကတော့ ချင်းညီနောင်ရဲ့ စစ်ဆင်ရေးတွေ အများကြီးတိုးတက်ပြောင်းလဲလာမယ်။ တကယ်လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုတွေ ရှိလာမယ်ပေါ့နော်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်၊ ချင်းအမျိုးသားကိစ္စရပ်အားလုံးတွင် တန်းတူညီမျှမှု၊ တရားမျှတမှုရှိပြီး ချင်း ပြည်သူအားလုံးလက်ခံနိုင်သော ဖက်ဒရယ်အစိုးရပေါ်ပေါက်ရေးအတွက် “ချင်းညီနောင်” နှင့်အတူ စစ်ရေး၊ နိုင်ငံရေးတို့တွင် တစိုက်မတ်မတ်လုပ် ဆောင်သွား မည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ဧပြီ ၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
Photo-CDF-မင်းတပ်။
#ချင်းပြည်နယ် #စစ်ကောင်စီတပ်ကင်းစင်နယ်မြေ #ချင်းညီနောင်အဖွဲ့ #စစ်ရေးအရှိန်မြှင့်တင် #Ayeyarwaddy_Times