မြရာ/ဧရာဝတီတိုင်းမ်

ဧပြီ ၁၀ ရက်

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါ ပန်းတိမ်ဆိုင်ဓားပြတိုက်ခံရမှုမှ ဖမ်းဆီးရမိသူများ မှာ ပုသိမ်းကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်း ဆောင်နှင့် ပျူစာထီးအဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်က ညနေ ၅ နာရီခန့်က အောင်မြေသာစံမြို့နယ် ၂၂ လမ်းနှင့် ၈၉ လမ်း ထောင့်ရှိ လင်းလက်ဝါရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်းများဝတ်ဆင်ထားသည့် အမျိုးသား လေး ဦးသည် အဖြူရောင်မော်တော်ယာဉ် တစ်စီးဖြင့်ရောက်ရှိလာပြီး ပန်းတိမ်ဆိုင်အတွင်းဝင်ရောက်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ယင်းဓားပြအဖွဲ့နှင့် ဆက်စပ်ပါဝင်သူ ခြောက် ဦးကို  ဖမ်းဆီးရမိခဲ့ကြောင်း ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့က ထုတ်ပြန်ထားပြီး ထိုသို့ ဖမ်းဆီးရမိသူများသည် ပုသိမ်ကြီးနယ်မြေရဲ စခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် ပျူစောထီးအဖွဲ့ဝင် များဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ဖမ်းဆီးခံရတဲ့ ဓားပြတွေက ပုသိမ်ကြီးရဲစခန်းက ရဲနယ်ထိန်းခေါင်းဆောင်နဲ့အဖွဲ့။ သူတို့အချင်းချင်းပြန် ဖမ်းကြတာ။ ပုသိမ်ကြီးရဲစခန်းက ရဲတွေက ပျူတွေနဲ့ ပေါင်းပြီး လုယက်၊ ပြန်ပေးဆွဲတာနဲ့ ဓားပြတိုက်တာ တွေလုပ်လို့ နာမည်ဆိုးထွက်နေတာကြာပြီ။ အခုလည်း အေးအေးလူလူနဲ့ ရဲဝတ်စုံဝတ်ပြီး ဝင်ပြီးဓားပြ တိုက်သွားတာ”ဟု မန္တလေးမြို့နေထိုင်သူ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီနှင့် ဝါဒဖြန့်သတင်းချန်နယ်များကမူ ဖမ်းဆီးရမိသူများသည်  ရဲအယောင် ဆောင်၍ ဓားပြတိုက်မှုကျူးလွန်သည့် PDF အကြမ်းဖက်များဟု ဝါဒဖြန့် ရေးသားဖော်ပြခဲ့ကြသည်။

ဓားပြတိုက်မှုကျူးလွန်သည့် နယ်ထိန်းခေါင်းဆောင် နှင့်အဖွဲ့သည် မတ် ၂၈ ရက် ညနေပိုင်းက Mark II ကား နံပါတ်ပြားကို သင်္ဘောဆေးသုတ်၍ ပန်းတိမ် ဆိုင်အတွင်း ဝင်ရောက်ပြီး စစ်ဆေးမည်ဟုဆိုကာ နေ အိမ်သုံးထပ်အထိတက်ရောက်ပြီး ရွှေထည် ပစ္စည်းများကို ယူဆောင်ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ ဓားပြတိုက်ခံရသည့် လင်းလက်ဝါရွှေပန်းတိမ်ဆိုင်သည် မြို့နယ်တရားသူကြီး တစ်ဦးပိုင်ဆိုင်သည့် ဆိုင်ဖြစ်ကြောင်း သိရပြီး အာဏာသိမ်းပြီး နောက် မန္တလေးတွင် ဖြစ်ပွားခဲ့သည့် လုယက်ဓားပြတိုက်မှုများကို စစ်ကောင်စီဘက်မှ ယခုကဲ့သို့  ဖမ်းဆီးပေးခြင်း၊ ဖမ်းဆီးရရှိခြင်းများ မရှိကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ -ပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ်၍ ဓားပြတိုက်သူများ၊ စစ်ကောင်စီက ဖမ်းမိထားပုံ 

#မန္တလေး #အောင်မြေသာစံ #လင်းလက်ဝါပန်းတိမ်ဆိုင် #ဓားပြမှု #စစ်ကောင်စီဖမ်းဆီး #ပုသိမ်ကြီးရဲစခန်း #နယ်ထိန်းပျူစောထီးအဖွဲ့  #Ayeyarwaddy_Times