ဧရာ၀တီတိုင်းမ်
ဧပြီ ၁၀ ရက်

စစ်ကောင်စီ၏ မဖွယ်မရာမတရားမှုများကို လုံး၀ သည်းခံမည်မဟုတ်ဘဲ လက်တုံ့ ပြန်ဆောင်ရွက် စစ်ရေးအရပြင်းထန်စွာ ထိုးစစ်ဆင်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။

စစ်ကောင်စီက ရခိုင်ပြည်တွင်းသာမက ရခိုင်ပြည်ပရှိ ၁၁/မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးများကို လူမျိုးရေးခွဲခြားပြီး ကန့်သတ်ချုပ်ချယ်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် ငွေညှစ်သတ်ဖြတ် ဖျောက်ဖျက်ခြင်းတို့နှင့် ပတ်သက်၍ ယနေ့ ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်နေ့ (AA) ၏ ၁၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် AA စစ်ဦးစီးချုပ် က စစ်ရာဇ၀တ်ကောင်များကို နည်းလမ်းအမျိုးမျိုးနှင့် ဖမ်းဆီးအရေးယူပြီး နစ်နာဆုံးရှုံးမှုခံရသည့် ပြည်သူ များအတွက် တရားမျှတမှုရရှိအောင် ပြတ်ပြတ်သားသားလုပ်ဆောင်သွားရန်ရှိသည်ဟု ဆိုထားသည်။

စစ်ကောင်စီသည် စတင်ဖွဲ့စည်းကာစမှ ယနေ့အထိ တစ်ခါမျှ မကြုံဖူးသည့် အထွေထွေ အကျပ် အတည်းများကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရပြီး ၎င်းတို့၏ အားသာချက်ဖြစ်သည့် စစ်လက်နက်အင်အား၊ ရေတပ်၊ လေတပ်အပြင်အကျိုးစီးပွားဆက်စပ်နေသည့် အချို့သော အိမ်နီးချင်းနိုင်ငံများ၏ ကူညီပံ့ပိုးပေးမှုကြောင့် ဆက်လက်ပြီး ပြည်သူကို အကြမ်းဖက် သတ်ဖြတ်၍ အာဏာကို ဆက်လက်ဖက်တွယ်ထားသည်ဟု AA စစ်ဦးစီးချုပ်က ဆိုသည်။

စစ်တွေနှင့် ကျောက်ဖြူတို့တွင် ပိတ်မိနေသည့် ပြည်သူများအနေနှင့်လည်း အဆင်ပြေ သည့် နည်းလမ်းအမျိုးမျိုးနှင့် မကြာခင်အချိန်တစ်ခုအတွင်းမှာ လွတ်မြောက်နယ်မြေများ သို့ လာရောက်နေထိုင်ကြရန် အကြံပြုထားသလို အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာရှိသည်များကိုလည်း ပြင်ဆင်ကြပါစို့ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။

ရက္ခိုင့်တပ်တော် အနေဖြင့် စစ်မြေပြင်အောင်‌မြင်မှုများနှင့်အတူ မြို့ရွာများကိုပါ သိမ်းပိုက်ရရှိလာသည့် အတွက် မြို့ပြများကိုစနစ်တကျစီမံရန် အုပ်ချုပ်ရေး လုပ်ငန်းများ၊ ပြည်သူ့၀န်ဆောင်မှု အစိုးရယန္တယားဌာနများ ကောင်းမွန်စွာ လည်ပတ် နိုင်ရေးအတွက် လူအရင်းမြစ်နှင့် ကဏ္ဍအလိုက် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိသည့် ပညာရှင်များ၏ စွမ်းရည်ကို လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးအနေဖြင့် ယခုတိုက်နေသည့်တိုက်ပွဲသည် ရခိုင်ပြည်သူတို့၏ သမိုင်းနှင့် အနာဂတ်ကံတရား အလှည့်အပြောင်းတစ်ခုလုံးကို အဆုံးအဖြတ်ပေးသည့် တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးကြီးကို အပြတ် အသတ်အောင်ပွဲခံ၍ အာရက္ခဇာတိမြို့ကို လုံး၀လွတ် မြောက်အောင်လုပ်နိုင်မှ ဘ၀လုံခြုံမှုနှင့် ဆင်းရဲဒုက္ခများက လွတ်မြောက် မည်ဖြစ်သည်။

မတရားမှုတို့ အဆုံးသတ်ဖို့ အတွက် ကိုယ့်အမျိုးသားကံကြမ္မာကို ကိုယ်တိုင်ဖန်တီး ပုံဖော်နိုင်ဖို့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရှင်သန်နိုင် ရမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရက္ခိုင့်တပ်တော်(AA) ၏ ၁၅ နှစ်ပြည့်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ပုံစာ-ရက္ခိုင်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

#ရက္ခိုင့်တပ်တော် #၁၅နှစ်ပြည့် #AA #စစ်ဦးစီးချုပ်#သဝဏ်လွှာပို့ #Ayeyarwaddy_Times