လက်နက်ကိုင်တော်လှန်ရေးကို ပါဝင်တိုက်ပွဲဝင်နေတဲ့ CDM အင်ဂျင်နီယာ ကျောင်းသူ ရဲဘော်ခင်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း(အမျိုးသမီးကဏ္ဍ-အင်တာဗျူး)

“ကိုယ့်ကိုယ်ကို အမျိုးသမီးတစ်ယောက်အနေနဲ့ လုပ်ဆောင်တယ်လို့ အထူးတလည် မတွေးဖူးဘူး။ ကိုယ့်တပ်ထဲက စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကလည်း အမျိုး သမီးရယ် ၊ အမျိုးသားရယ် ခွဲခြားတာမျိုးမရှိဘူး။ အဓိကက လုပ်နိုင်စွမ်းပေါ် မူတည်ပြီး ကိုယ်နဲ့ လိုက်ဖက်တဲ့ တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ ယောကျာ်း၊ မိန်းမ၊ ဘာသာ၊ လူမျိုး မခွဲခြားထားဘူး”

နိုင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

တော်လှန်ရေးကာလမှာ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ လက်နက်ကိုင်တပ်ဖွဲ့များထဲမှာ အာဏာသိမ်းမှုကို လက်မခံတဲ့ ကျောင်းသူ၊ ကျောင်သားများလည်း အများအပြားပါဝင်နေပါတယ်။

ရဲဘော်ခင်ဦးဟာ လက်ရှိ ကေအန်ယူ တပ်မဟာ-၆ နယ်မြေထဲက PDF တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်သူ တစ်ဦးဖြစ်ပြီး စစ်အာဏာမသိမ်းခင်အချိန်က နည်းပညာတက္ကသိုလ်တစ်ခုမှာ နောက်ဆုံးနှစ် တက်ရောက်နေတဲ့ အင်ဂျင်နီယာကျောင်း သူတစ်ဦးဖြစ်သလို ကျောင်းတွင်းအဖွဲ့အစည်းများ၊ လှုပ်ရှားမှုများမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကျောင်းဆက်မတက်တော့ဘဲ လက်နက်ကိုင် တော်လှန်ရေးမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့တဲ့ နည်းပညာတက္ကသိုလ်ကျောင်းသူ ရဲဘော်ခင်ဦးကို ဧရာဝတီတိုင်းမ် သတင်းဌာနရဲ့ သတင်းထောက်နိုင်း ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဧရာဝတီတိုင်းမ်။ ။ အစ်မရဲ့ နာမည်၊ ရာထူးနဲ့ လက်ရှိ တာဝန်ထမ်းဆာင် နေတဲ့တပ်ရင်းကို ပြောပြ ပေးလို့ရမလား။

🔴ရဲဘော်ခင်ဦး။ ။ကျွန်မနာမည်က ရဲဘော်ခင်ဦးပါ။ လက်ရှိကတော့ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ကရင် ပြည်နယ်ထဲမှာ ရှိနေတဲ့ pdf တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေပါတယ်။

ဧရာဝတီတိုင်းမ်။ ။အစ်မက အင်ဂျင်နီယာနောက်ဆုံးနှစ် ကျောင်းသူတစ်ယာက်လို့သိရတယ်ပေါ့နော်။ ဘာ‌ကြောင့် ကျောင်းဆက်မတက်တော့ဘဲ တော်လှန် ရေး မှာပါဝင်ခဲ့လဲဆိုတာကို ပြောပြပေးလို့ရမလား။

🔴ရဲဘော်ခင်ဦး။ ။ဒါကတော့ ပထမတစ်ချက်က မတရားအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်အောက်မှာ အရင်အခြေအနေလို ကျောင်းတက်ပြီး ဘာမှမဖြစ်သလို မနေချင်တာကြောင့်ပါ။ နောက်တစ်ခုကတော့ ကိုယ်တိုင်လည်း ပါဝင် တော်လှန်မှရမယ့် အခြေအနေဆိုပြီး ယူဆတဲ့အတွက် ဒီလိုရွေးချယ်လိုက်တာပါ။

ဧရာဝတီတိုင်းမ်။ ။နောက်ပြီး အစ်မအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးထဲကို ဘယ်လိုကစပြီး ပါဝင်ဖြစ်ခဲ့တာလည်း ဆိုတာရော ရှင်းပြပေးလို့ရမလား။

🔴ရဲဘော်ခင်ဦး။ ။အစောပိုင်းကတော့ ရန်ကုန်ရဲ့ လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနဲ့ပဲ စတင်ခဲ့တာပါ။ အဲ့လိုကနေမှ စစ်ကောင်စီဘက်က ပြည်သူလူထု အပေါ် အကြမ်းဖက်ဖြိုခွင်းတာတွေရက်ရက် စက်စက် သတ်ဖြတ်တာတွေ စလာတဲ့အချိန်မှာတော့ ငြိမ်းချမ်းစွာဆန္ဒပြတာထက် ပိုတဲ့ ပိုထိရောက်တဲ့ လုပ်ဆောင်မှုမျိုး လုပ်ချင်တယ်လို့ ကိုယ့်ကိုယ်ကို တွေးမိတယ်လေ။ အဲ့ဒီကနေစပြီး လက်နက်ကိုင်တော်လှန်ရေးထဲကို ရောက်လာခဲ့တာပါ။

ဧရာဝတီတိုင်းမ်။ ။အာဏာမသိမ်းခင်က အစ်မရဲ့ ပညာရေး မျှော်မှန်းချက်၊ ဖြစ်ချင်ခဲ့တဲ့ ရည်မှန်းချက်တွေနဲ့ အခုလက်ရှိမှာ ဖြစ်ချင်တဲ့ မျှော်မှန်းချက်တွေကိုရော ပြောပြပေးလို့ရမလား။

🔴ရဲဘော်ခင်ဦး။ ။အာဏာမသိမ်းခင်ကတော့ ကိုယ်က ကိုယ်လျှောက်လမ်းချင်တဲ့လမ်းနဲ့ ကိုယ့်အသက်မွေးဝမ်းကြောင်းက တထပ်ထဲကျပြီး ဘာပြီးရင် ဘာဆက်လုပ်မယ်ဆိုတာမျိုး စဉ်းစားထားတာတွေရှိတယ်။ အိမ်ကလည်း အပြည့်အဝ ထောက်ပံ့ပေးတယ်။ တကယ်တော့ ကျောင်းပြီးရင် အင်ဂျင်နီယာတစ်ယောက်အဖြစ် ဖြတ်သန်းမယ်။ ဒါမှမဟုတ် အိမ်နဲ့ တိုင်ပင်ပြီး ကျောင်းပဲ ဆက်တက်ဖြစ်ရင်လည်း ဖြစ်မယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာသိမ်းမှုမဖြစ်ခင်ကတော့ ဘဝကို ပညာရှင်တစ်ယောက်အနေနဲ့ပဲ ရိုးရိုးရှင်းရှင်း ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတာပါ။ အခုလက်ရှိကတော့ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့အတွက် လက်ရှိတာဝန်ကိုပဲ အဓိကအာရုံစိုက်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ဧရာဝတီတိုင်းမ်။ ။လက်ရှိပညာရေးအပေါ် အမြင်ပေါ။ CDM မလုပ်ခင်အခြေအနေနဲ့ CDM လုပ်ပြီး ကွာဟချက်ကိုရောပြောပြပေးလို့ရမလား။

🔴ရဲဘော်ခင်ဦး။ ။လက်ရှိကတော့ ပညာရေးအပေါ် သိပ်ပြီးအများကြီး ထင်မြင်ချက်မပေးလိုပါဘူး။ စစ်ကောင်စီလက်အောက်က ပညာရေးကိုလည်း မတတ်သာလို့ ရွေးချယ်လိုက်ရတဲ့ သူတွေလည်းရှိတော့ သူတို့အပေါ်လည်း ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ကတော့ ပညာရေး ကဏ္ဍကို ဒီထက်ပိုပြီး လက်ရှိ ပညာရေးရပ်တန့်နေတဲ့ ကျောင်းသားအများစု ပါဝင်နိုင်အောင် အမြန်ဆုံးလုပ်ဆောင်ဖို့တော့လိုပါတယ်။ နောင်တစ်ချိန်မှာလည်း CDM ပါဝင်ခဲ့တဲ့ ကျောင်းသားတွေအပေါ် မျှမျှတတ အခွင့်အရေးပေးနိုင်အောင် ခုထဲက သေချာတဲ့ မူဝါဒတွေ ချပြထားနိုင်ဖို့ လိုတယ်လို့တော့ ယူဆပါတယ်။

ဧရာဝတီတိုင်းမ်။ ။လက်ရှိမှာရော ပညာရေး အခြေအနေက ဘယ်လိုရှိလဲရှင့်။ ပညာရေး နဲ့ပတ်သတ်ပြီး ဆက်လက် လေ့လာနေတာမျိုးရှိလား။

🔴ရဲဘော်ခင်ဦး။ ။ပညာရေးအတွက် ဆက်လက်လေ့လာနေတာတွေရှိပါတယ်။ ကိုယ်က နည်းပညာကျောင်းသူဆိုတော့ TU network ကနေတဆင့် သင်ကြားပို့ချတဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကို လိုင်း(အင်တာနက်)ရတဲ့ အချိန်တွေမှာ လေ့လာဖြစ်တယ်။ နည်းပညာနဲ့ အဆက်မပြတ်အောင်နေတယ်။

ကံကောင်းတာလို့ပဲပြောရမလား၊ အခု စခန်းမှာဆိုရင် အင်တာနက်လိုင်းမပြတ်အောင် ကိုယ့်အနေနဲ့ သေချာလေး လိုအပ်တာတွေ ထပ်လေ့လာပြီး လုပ်ပေးထားနိုင်တယ်ပေါ့လေ။ ဒါကလည်း ကိုယ်အထူးပြုထားတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာဖြစ်နေတော့ တစ်ဖက်တစ်လမ်းကလည်း ကိုယ့်ပညာရေးကို ပြန်လေ့လာဖြစ်တယ်။ လက်တွေ့လည်း အသုံးချဖြစ်သလို ဖြစ်သွားတယ်ပေါ့။ စစ်တိုက်နေရတယ်ဆိုပေမယ့် ပညာရေးဘက်ကိုလည်း လုံးဝ လွှတ်ချထားတာမျိုးမဟုတ်ပါဘူး။ ဘက်မျှအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။ ပညာရေးကိုတော့ လုံးဝ ရပ်တန့်နေတာ မဟုတ်ပါဘူး။

ဧရာဝတီတိုင်းမ်။ ။ Non CDM ကျောင်းသူ ကျောင်းသား အနေနဲ့ တကယ်လို့သာ ပညာရေးအတွက် အတွက် တစ်ခုခု လုပ်ခွင့်ရမယ်ဆိုရင် ဘာလုပ်ချင်လဲပေါ့နော်။

🔴ရဲဘော်ခင်ဦး။ ။မတတ်သာလို့ Non CDM လုပ်ထားရတဲ့ ကျောင်းသားတွေကိုလည်း ဖြစ်နိုင်ရင် အမျိုးသားညီညွတ်ရေးအစိုးရဘက်က စတင်လုပ်ဆောင်နေတဲ့ ပညာရေးအစီအစဉ်တွေမှာ ပိုမို ပါဝင်လာနိုင်အောင် လုပ်ဆောင်ပေးချင်ပါတယ်။

ဧရာဝတီတိုင်းမ်။ ။တော်လှန်ရေးကာလမှာ ၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်ခဲ့တယ်။ ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း ပြောပြ ပေးလို့ရမလား။

🔴ရဲဘော်ခင်ဦး။ ။အဲ့လိုတော့ ကိုယ့်ကိုယ်ကို အမျိုးသမီးတစ်ယောက်အနေနဲ့ လုပ်ဆောင်တယ်လို့ အထူးတလည် မတွေးဖူးဘူး။ ကိုယ်လုပ်နိုင်တာလုပ်တယ်။ ကိုယ့်တပ်ထဲက စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကလည်း အမျိုးသမီးရယ် အမျိုးသားရယ် ခွဲခြားတာမျိုးမရှိဘူး။ အဓိကက လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ကိုယ်နဲ့ လိုက်ဖက်တဲ့ တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ ယောကျာ်းမိန်းမ ဘာသာ လူမျိုးလဲ မခွဲခြားထားဘူး။ ပေးအပ်လာတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ပါပဲ။

ဧရာဝတီတိုင်းမ်။ ။တပ်ဖွဲ့ထဲမှာ နေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ လိုအပ်ချက်က ဘာများဖြစ်မလဲ။ အစ်မရဲ့ပတ်ဝန်းကျင်မှာ ရော ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမျိုးသမီးတွေက ဘယ်လိုပုံစံမျိုးတွေနဲ့ တော်လှန်ရေးမှာ ပါဝင် နေကြလဲဆိုတာ ပြောပြပေးလို့ရမလား။

🔴ရဲဘော်ခင်ဦး။ ။တပ်ဖွဲ့ထဲက အမျိုးသမီးတွေကလည်း အကုန်အတူတူပါပဲ။ တကယ်တော့ အချို့သူတွေ မြင်နေသလို မိန်းကလေးမို့ ခွဲခြားတာ တာဝန်မပေးတာဆိုတာတွေက တပ်အများစုမှာ ရှိမနေဘူး။ စစ်တိုက်နေရတာဖြစ်တဲ့အတွက် အချို့ တာဝန်တွေသည် အမျိုးသမီးတွေအနေနဲ့ တကယ်ကို လက်တွေ့မှာ အမျိုးသားတွေနဲ့ ယှဉ်ရင် လုပ်ဆောင်နိုင်စွမ်းလျော့တဲ့ တာဝန်တွေရှိတယ်။

အဲ့တာကိုလည်း အမျိုးသမီးတွေက လက်ခံတယ်။ ဒါဟာခွဲခြားတာမဟုတ်ဘူးဆိုတာကို နားလည်ကြတယ်။ အချို့မြေပြင်မှာ တကယ်လုပ်ဆောင်ပြီး လူထုရှေ့ကို ကိုယ်တိုင်က ထွက်မပြချင်လို့ မထွက်ပြတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ တပ်ထဲကအမျိုးသမီးတွေအနေနဲ့ကတော့ လစဉ်သုံးပစ္စည်းတွေ၊ အတွင်းခံအဝတ်အစားတွေနဲ့ ဆေးဝါးတွေကတော့ အဓိကလိုပါတယ်။

ဧရာဝတီတိုင်းမ်။ ။လုပ်ခွင့်ရမယ်ဆိုရင် တောင်းဆိုလို့ရမယ်ဆိုရင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေအတွက် ဘာတွေ ဆောင်ရွက်ပေးစေချင်လဲ။

🔴ရဲဘော်ခင်ဦး။ ။အထူးတလည် တောင်းဆိုချင်တာမျိုးတော့ မရှိဘူး။ အပေါ်မှာပြောပြခဲ့တဲ့ အချက်တွေကတော့ ပြည့်စုံသလောက်ရှိပါပြီ။

ဧရာဝတီတိုင်းမ်။ ။အစ်မ အနေနဲ့ထပ်မံ ပြောပြချင်တာများရှိဦးမလား။

🔴ရဲဘော်ခင်ဦး။ ။ဟုတ်။ အခြားတော့ အထွေအထူးမရှိပါဘူး။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က အစောပိုင်းနှစ်တွေထက် ပိုပြီး စနစ်တကျဖြစ်လာတယ်။ မိမိတို့ရဲ့ အိမ်ပြန်လမ်းအသီးသီးကိုလည်း လျှောက်လှမ်းနေကြပြီ ဖြစ်တယ်။ ဒါကြောင့် အခုအခြေနေမှာတော့ တော်လှန်ရေး ရဲဘော်တွေဘက်က အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကျရာတာဝန်အပေါ် အကောင်းဆုံး တာဝန်ကျေအောင် ထမ်းဆောင်နေကြပြီမို့ ပြည်သူတွေဘက်ကလည်း အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးကြပါ။ နေ့စဉ် တလရ ကို သတိတရ ရှိပေးကြပါလို့ပဲ ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

#လက်နက်ကိုင်တော်လှန်ရေး #CDMအင်ဂျင်နီယာကျောင်းသူ #ရဲဘော်ခင်ဦး #အမျိုးသမီးကဏ္ဍ #အင်တာဗျုး #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)