
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်၍ နေအိမ် လေးလုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံက သိရသည်။
ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် ယနေ့ ဧပြီလ ၉ ရက်၊ နံနက် ၂ နာရီဝန်းကျင်က လျှပ်စစ်ဝါယာရှော့ဖြစ်၍ ချင်းခရစ်ယာန်ကျောင်းအုပ်၏ နေအိမ်အပါဝင် အိမ်လေးလုံး မီးလောင်ပြာကျသွားခဲ့ခြင်းဖြစ်သည်။
“ဒီမနက် လူတွေ အိပ်မော့ကျချိန် CCU ကျောင်းအုပ်ရဲ့ အိမ်ကနေ မီးလောင်တာ တွေ့လိုက်ရပါတယ်။ မီးစလောင်တဲ့ နေအိမ်အတိကျတော့ မသိရသေးဘူး။ ဝါယာရှော့ဖြစ်တာလို့ ပြောကြတယ်။ ရပ်ကွက်ထဲက အရပ်သားတွေနဲ့ မီးသတ်သမားတွေ ဝိုင်းငြှိမ်းကြလို့ နေအိမ် လေးလုံးလောက်သာ ပြာကျသွားတယ်။ အိမ်က ပစ္စည်းတွေလည်း ယူချိန်မရလိုက်လို့ မီးလောင်တဲ့ထဲ ပါကုန်တယ် “ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မီးလောင်မှုတွင် ရပ်ကွက်နေ ပြည်သူများနှင့် ဟားခါးနယ်မြေခံ မီးသတ်ဌာန တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီဝန်းကျင်တွင် မီးများအားလုံး ငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုတွင် လူထိခိုက်သေဆုံးခဲ့ခြင်း မရှိသော်လည်း နေအိမ်ရှိ ပစ္စည်းများ မီးလောင်လောင်ဆုံးရှုံးခဲ့ရသည်။
မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ မီးလောင်မှုတွင် ခရိုင်မီးသတ်ကား သုံး စီး၊ မြို့နယ်မီးသတ်ကား သုံးစီးနှင့် သန္ဓေမီး သတ်တပ်ဖွဲ့များက သွားရောက်ငြှိမ်းသတ်ခဲ့ပြီး နံနက် ၂ နာရီ၊ မိနစ် ၄၀ ခန့်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ- ဧပြီလ ၉ ရက်နေ့ ဟားခါမြို့ မီးလောင်မှုကို တွေရစဥ်။
#ချင်းပြည် #ဟားခါး #မီးလောင်မှု #နေအိမ်လေးလုံး #မီးလောင်ပြာကျ #Ayeyarwaddy_Times