ဧရာဝတီတိုင်းမ်
ဧပြီ ၉ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ် အဝင်အထွက်လမ်းများကို ပိတ်ဆို့လိုက်သည့်အတွက် ကုန်စည်စီးဆင်းမှု ရပ်တန့် သွားကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၁၉ရက်နေ့ကစတင်ကာ အမ်းအဝင်အထွက် လမ်းနှင့် တံတားများကို ချိုးဖျက်ခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားကာ အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ပြတ်လပ်သွားပြီး အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်ကို ခွဲတမ်းဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံက သိရသည်။

“အဓိကကျတဲ့ဆန်ကို ဝယ်မရတော့တာ။ ဈေးဆိုင်တွေကတော့ တစ်အိမ် ထောင် ဆန် နှစ် ပြည် နှုန်းနဲ့ရောင်းပေးလို့ မနက်ကတည်းကတန်းစီပြီး ဝယ်နေကြတာ လူတန်း အရှည်ကြီးပဲ။ ဆန်ဝယ်မရလို့ ထမင်းမချက်ရတဲ့ အိမ်တွေတောင်ရှိလာတယ်” ဟု အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆန်ကို ခွဲတမ်းနှင့် ဝယ်ယူနေရသည့်အပြင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆားနှင့် ကြက်သွန်နီဈေးနှုန်းများလည်း အဆ မတန် မြင့်တက်နေပြီး ဝယ်ယူရရှိရန် ခက်ခဲနေကြောင်း သိရသည်။

“ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀၀ ၊ အိုင်အိုဒင်းဆားအသေးတစ်ထုပ် ၂၀၀ ကို အခု ၃၀၀၀နဲ့ ဝယ်စားနေရတယ်။ ပြီးတော့ တပ်တော်ကလည်း စစ်စခန်းတွေကို ဝင်တိုက် နေတော့ စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျည်တွေလည်းကျလို့ ရှည်ရှည်ဝေးဝေး ထွက်ပြီးတော့လည်း မသွားရဲဘူး။ ဆန်မရလို့ ရန်တွေလည်းဖြစ်ကြနဲ့ အတော်ခက်ခဲ နေပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် အဝင်အထွက်လမ်းများဖြစ်သည့် ဂွ-ငသိုင်းချောင်းလမ်းကို စစ်ကောင်စီက တစ်ကျော့ပြန်စစ်ပွဲများစတင်သည့် ယမန်နှစ် နိုဝင်ဘာ ၁၃ရက်နေ့ကတည်းက ပိတ်ဆို့လိုက်ပြီး အမ်းမြို့နယ်သို့ဝင်ရောက်နိုင်သည့် တောင်ကြားလမ်းများဖြစ်သော မင်းဘူးခရိုင်၊ ငဖဲမြို့မှ အမ်းသို့ဝင်ရောက်နိုင်သည့် အမ်းတောင်ကြားလမ်းနှင့် တောင်ကုတ်မှ ပြည်မြို့နှင့် ဧရာဝတီမြစ်‌ကမ်းပေါ်ရှိ ပန်းတောင်းမြို့သို့ ပေါက်သော လမ်းကြောင်းများကိုပါ ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

“လမ်းတွေပိတ်လိုက်ကတည်းကပဲ ဆေးတွေကအတော်များများဝယ်မရဘူး။ ဆိုင်တွေက ဖွင့်တယ် ဆေးတွေပြတ်ကုန်တာ။ အဓိကပြတ်တာက ဆီးချိုဆေးနဲ့ သွေးတိုးကျဆေး ဝယ်မရတော့ဘူး။ ဆန်လည်းဝယ်မရနဲ့။ ပြည်နယ်အပြင်လည်း ထွက်မရဘူး” ဟု ၎င်းကပြောသည်။

အမ်း-ပဒါန်းလမ်းပိုင်းကိုလည်း စစ်ကောင်စီက စစ်လက်နက်သယ်ယူခြင်း၊ စစ်အင်အား ဖြည့်တင်းခြင်း၊ ကင်းပုန်းချခြင်းနှင့် စွန့်လွှတ်မိုင်းများထောင်ထားခြင်းများ ပြုလုပ်နေရာ ပြည်သူများအသက်အန္တရာယ်ဘေးကင်းရေးအတွက် ပြီးခဲ့သည့် ဧပြီ ၂ရက်နေ့ကစတင်၍ အမ်း- ပဒါန်းလမ်းကို ယာယီပိတ်လိုက်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ပြည်မချိတ်ဆက်လမ်းများကို စစ်ကောင်စီက ပိတ်ဆို့လိုက်သည့်အပြင် ရခိုင်ပြည်တွင်း ချိတ်ဆက်လမ်းနှင့်တံတားများကိုပါ ချိုးချဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် မတ် ၁၉ရက်နေ့က အမ်း-တောင်ကုတ်ကားလမ်း ကုတ်မောင်တန်ဂိတ်အနီးရှိ လမ်းကို စစ်ကောင်စီက မြေတူးစက်များဖြင့် လာရောက်ဖျက်ဆီးသွားသည့်အပြင် အမ်း-စစ်တွေကားလမ်းပိုင်းရှိ ကျောက်စကွဲရွာအနီးရှိတံတားနှင့် မီးလောင်ချောင်းအနီး တံတားတို့ကို မတ် ၁ရက်နေ့ကတည်းက ဖျက်ဆီးခဲ့သည်။

ထို့အပြင် အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာ အဝင်အထွက်တံတားနှစ်စင်းနှင့် အမ်း- မအီ ၆မိုင်ကုန်းလမ်းပိုင်းကိုလည်း မတ် ၁ ရက်နေ့တွင် စစ်ကောင်စီက ချိုးချ ဖျက်ဆီးခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) သည် မတ် ၂၄ရက်နေ့မှ စတင်ကာ အမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များကို ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ​ စစ်ကောင်စီက ဒေသခံ ပြည်သူများရှိရာ ကျေးရွာများသို့ ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိ ကြောင်း သိရသည်။

ဓာတ်ပုံ- Arakan Bay News-ABN
ပုံစာ- အမ်းတွင် ဆန်ဝယ်ရန်တန်းစီနေသူများ
#အမ်းမြို့နယ် #အခြေခံစားသောက်ကုန် #ဆေးဝါး #ဆန် #ခွဲတမ်းနှင့်ဝယ်ယူ #Ayeyarwaddy_Times