ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ ဧပြီ ၉ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းရုံး အတွင်း အစည်းအဝေးပြုလုပ်နေသည့် ဒုတိယစစ်ခေါင်းဆောင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ကို ယနေ့ ဧပြီ ၉ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats Drone Force တပ်ခွဲက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒုစစ်ခေါင်းဆောင်စိုးဝင်းသည်တောင်ပိုင်း စစ်မျက်နှာပြင်ကို ဖိအားပေးရန်အတွက် ရတခတိုင်းရုံးအတွင်း အထူးအစည်းအဝေးပြုလုပ်နေစဉ် ကာမီကာဇေ Fixed Wing Drone ငါး စင်းဖြင့် အစည်းအဝေးပြုလုပ်နေသည့် နေရာနှင့် ရဟတ်ယာဉ် နှစ်စီး ရပ်ထားသည့် ကွင်းနေရာတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့က စိုးဝင်းတို့အဖွဲ့ တောင်ပိုင်းစစ်မျက်နှာပြင်အတွက် အထူးအစည်းအဝေး လုပ်နေကြတာပါ။ကျွန်တော်တို့ ဒရုန်း ငါး စင်းမှာ သုံး စင်းနဲ့ အစည်းဝေးကို တိုက်ခဲ့တာ။ ကျန်နှစ်စင်းက ရဟတ်ယာဉ်ကွင်းကို တိုက်ခဲ့တာ။ စိုးဝင်းနဲ့ တိုင်းမှူး စီးမယ့်ရဟတ်ယာဉ် ၂ စင်းကို တိုက်ခိုက်ခဲ့တာဗျ။ လက်ရှိတော့ ရဟတ်ယာဥ် တစ်စင်းပဲပျံသွားပြီး ကျန်တစ်စင်းက ပျံမရဘူးလို့တော့ သိထားတယ်” ဟု Alpha Bats Drone Force တပ်ဖွဲ့ တာဝန်ရှိသူတစ် ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို သိရခြင်း မရှိသေးသော်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှေ့ရှိ လမ်းကို ပိတ်ထားပြီး စစ်ကားများ မော်လမြိုင်‌လေယာဉ်ကွင်းဘက် သို့ထွက်ခွာသွားကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ဧပြီ ၈ ရက်နေ့ညပိုင်းကလည်း ရတခတိုင်းရုံးအတွင်း အစည်းအဝေး ပြုလုပ်နေသည့် ဒုချုပ်စိုးဝင်းနှင့် အဖွဲ့ကို ကာမီကာဇေဒရုန်း နှစ်စင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Alpha Bats Drone Force ထံက သိရသည်။

“လုံခြုံရေးတော့ ရှယ်ချထားတယ်။ တပ်တွေလဲ လှန့်ထားတယ်။ ကင်းထောက် လေယာဉ်တွေလည်း မနေ့ညက ပျံတယ်။ မြို့အစပ်တွေကိုလည်း လက်နက်ကြီး တွေနဲ့ပစ်တယ်” ဟု Alpha Bats Drone Force တပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့ကလည်း စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်ထွန်း နှင့်အဖွဲ့သည် မုဒုံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရာ နေရာသို့ လာရောစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဓမ္မသတ်ရွာ မီးလောင်မှုဖြစ်စဉ်ကြောင့် ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – Alpha Bats Drone Force
#မော်လမြိုင် #ရတခတိုင်းရုံး #ဒုစစ်ခေါင်းဆောင်စိုးဝင်း #ဒရုန်းဖြင့်တိုက်ခိုက်ခံရ #အစည်းအဝေးပြုလုပ် #alphabats #Ayeyarwaddy_Times