ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

အရပ်ဘက်အဖွဲ့အစည်းများ၏ တစိုက်မတ်မတ် ဖိအားပေးမှုကြောင့် နှစ်နှစ်ကြာတွင် အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron သည် ရတနာဓာတ်ငွေ့စီမံကိန်းကနေ ထွက်ခွာသွားကြောင်း ဧပြီ ၈ ရက်နေ့တွင် Justice For Myanmar က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဝင်ငွေရနေသည့် ရေနံကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာရေးအတွက် ၂၀၂၂ ခုနှစ်တွင်
ပြည်သူ့လှုပ်ရှားမှုအဖြစ် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု ( Blood Money) ကမ်ပိန်းလှုပ်ရှားမှုတွင် ပြည်သူများပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

စစ်ကောင်စီသည် ရတနာဓာတ်ငွေ့စီမံကိန်းမှ ဝင်ငွေအမြောက်အများရရှိနေသဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုကြောင့် နှစ်နှစ်အကြာတွင် လုပ်ငန်းရုတ်သိမ်းပြီး ထိုင်းနိုင်ငံပိုင် PTTEP နှင့် စစ်ကောင်စီ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ထံ ပြန်လည်ခွဲဝေ ရောင်းချခဲ့ကြောင်း ယမန်နေ့ ဧပြီ ၈ ရက်နေ့က သိရသည်။

ထိုသို့ထွက်ခွာရာတွင် မြန်မာပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှုရှိရန် လူ့အခွင့်အရေးဆိုင်ရာတာဝန်များကို ထုတ်ဖော်ပြီး တာဝန်ယူမှုအပြည့်ဖြင့် ထွက်ခွာရန်လိုအပ်ပြီး ပိုင်ဆိုင်မှုများကို PTTEP နှင့် MOGE တို့ထံ လွှဲပြောင်းရောင်းချမှုသည် နိုင်ငံတကာရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားစေရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း Justice For Myanmar က ဆိုထားသည်။

ယင်းပြင် Chevron အနေဖြင့် ထွက်ခွာခြင်း နည်းလမ်းတစ်ခုတည်းဖြင့် OECD လမ်းညွှန်ချက်များ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများလူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ရှောင်လွဲနိုင်မည်မဟုတ်ကြောင်းပါဝင်သည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းသည် တရားမ၀င်စစ်အုပ်စုအတွက် အမြတ်အစွန်းများသော ဝင်ငွေ ရင်းမြစ် တစ်ခုဖြစ်ပြီး ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အတွက် ငွေကြေး ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ PTTEP ရေနံတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီသည် မုတ္တမကမ်းလွန်ရှိ ဇောတိကနှင့် ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် မြန်မာစစ်အုပ်စု၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်တည်ရှိ နေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။။

အမေရိကန်အနေဖြင့် MOGE ကို အပြည့်အ၀ပိတ်ဆို့အရေးယူရန်အပါအဝင် ကနေဒါ၊ ယူကေနှင့် သြစတြေးလျနိုင်ငံတို့အနေဖြင့် MOGE ကို ပိတ်ဆို့အရေးယူရန်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများအပေါ် ပိတ်ပင်တားမြစ်ချက်ဆက်လက်သက်တမ်းတိုးရန်လိုအပ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#chevron #အမေရိကန်ရေနံလုပ်ငန်း #မြန်မာနိုင်ငံထွက်ခွာ #Ayeyarwaddy_Times