
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပျူစောထီး တို့က ယနေ့ ဧပြီ ၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်မီးရှို့၍ ဒေသခံ သုံး ဦးကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကျောက်ကန်ရွာ၊ လယ်သစ်ရွာ၊ ညောင်တို့ ရွာများမှ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများသည် ယနေ့ နံနက် ၇ နာရီခန့်က ကားသုံးစီးဖြင့် လာရောက်၍ ရသာရွာကို မီးတင်ရှို့ခဲ့ပြီး အိမ်ခြေ ၂၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒေသခံများကို ရသာရွာ စာသင်ကျောင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက် စစ်ဆေး၍ ဖုန်းများ ယူဆောင်သွားခဲ့ပြီး ရသာရွာမှ ဒေသခံ အမျိုးသားတစ်ဦးနှင့် ဖရင်းရွာမှ သားအဖနှစ်ဦး စုစုပေါင်း သုံး ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။
“ပြည်သူတွေဆီက ဖုန်းတွေလည်း ယူသွားသေးတယ်။ တွေ့ရာလူဖမ်း ကျောင်းထဲခေါ် ရိုက်နှက်စစ်ဆေးပြီး ယူသွားတာ။ ဖုန်းပါသွားတဲ့ လူအတိအကျတော့ မသိရသေးဘူး။ သူတို့ကိုမြင်တော့ ထွက်ပြေးလို့ဆိုပြီး ပြည်သူသုံးဦးကိုလည်း အကြောင်းမဲ့ ပစ်သတ် သွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီးတို့သည် ဖရင်းရွာဘက်မှ ရသာရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး သေနတ်များ၊ ၄၀-မမများဖြင့် ပစ်ဖောက်ခဲ့ကာ လက်ရှိအချိန်ထိ ၎င်းတို့ မီးရှို့သွားသော အိမ်ခြေများကို ဒေသခံများက မီးငြိမ်းနေရဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – စစ်ကောင်စီတပ်နှင့်ပျူစောထီးများ မီးရှို့ဖျက်ဆီးထားသည့် ရသာရွာအား တွေ့ရစဉ်
#မြင်းခြံမြို့ #ရသာရွာ #စစ်ကောင်စီတပ် #ပျူစောထီးများ #ဝင်ရောက်မီးရှို့ #အိမ်ခြေ၂၅၀ #ပျက်စီးဆုံးရှုံး #ဒေသခံ၃ဦးသတ်ဖြတ်ခံရ #Ayeyarwaddy_Times