မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၈ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ စစ်တက္ကသိုလ် (Defence Services Academy – DSA) အနီးသို့ ယနေ့ ဧပြီ ၈ ရက်နေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံးနှင့် ပစ်ခတ်ခံရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် DSA အနီး ကျောက်တောင်ဘုရား၀န်းကျင်သို့ ရှော့တိုက်ဒုံး ငါးလုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုသို့ ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီက မြို့၀င် မြို့ထွက်နေရာများကို စစ်ဆေးတင်းကျပ်လျက်ရှိကြောင်း သိရသည်။

“အသေးစိတ်တော့ မသိရသေးဘူး။ ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတာ။ အဓိကနေရာတွေကို ချိန်ပြီးပစ်တာလို့တော့ သိရတယ်။ သင်္ကြန်ကို စစ်ခေါင်းဆောင်က ဒီမှာကျမှာလို့ သိထားတယ်။ ဒါပေမဲ့ လုံခြုံရေးတွေကပေါက်နေတော့ အစီအစဉ်ကဘာမှန်းမသိရသေးဘူး။ အခုလိုဖြစ်တော့ ဘယ်လိုလုပ်ဦးမလဲ မသိဘူး” ဟု စစ်တက္ကသိုလ် နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းမှ ပြုလုပ်သည်ကိုမူ မသိရှိရသေးဘဲ စစ်ကောင်စီဘက်မှ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်၍ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် စုံစမ်းလျက်ရှိသည်။

စစ်ခေါင်းဆောင်သည် ရှော့တိုက်ဒုံးနှင့် ပစ်ခတ်ခံရသည့် ပြင်ဦးလွင်တွင် သင်္ကြန်ပွဲတော်ကို ကြီး ကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း နေပြည်တော်ရှိ အေလာ လေတပ်စခန်းနှင့် စစ်ရုံးချုပ်တို့ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅ ဦး သေဆုံးမှုရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့ကလည်း တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ဆရာတော်၏ ဈာပနအခမ်း အနားသို့ တက်ရောက်မည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်ပေါက်ကြား၍ နေ့ချင်းပြန် လေယာဉ်ဖြင့် ပြန်သွားရကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီ၏ စစ်တက္ကသိုလ်အပတ်စဉ် ၆၃ ကျောင်းဆင်းပွဲကိုတွေ့ရစဉ်

#မန္တလေး #ပြင်ဦးလွင် #စစ်တက္ကသိုလ် #DSA #ကျောက်တောင်ဘုရားအနီး #ရှော့တိုက်ဒုံး #ပစ်ခတ် ခံရ #Ayeyarwaddy_Times