မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၈ ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တံတားကျေးရွာရှိ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် စစ်တပ်သတင်းပေးဆိုသူ သုံး ဦးကို ညောင်ဦးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့၀င်များက ၀င်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးလွတ် မြောက်သွားကြောင်း သိရသည်။

ညောင်ဦးမြို့နယ် တော်လှန်ရေး တပ်ဖွဲ့ဝင်များသည် တံတားကျေးရွာရှိ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ကိုဖိုးဇော်၊ ကိုအောင်ကိုနှင့် ကိုသိုက်ဦးဆိုသူတို့ကို ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ၀င်ရောက်ပစ်ခတ်ခဲ့ကြောင်း တပ်ဖွဲ့တာ၀န်ခံထံက သိရသည်။

“အောင်ကိုနဲ့ဖိုးဇော်က နေရာမှာသေတယ်။ သိုက်ဦးကတော့ သူ့မိန်းမရှေ့က၀င်ကာလို့ ပစ်တာရပ်လိုက်ရတယ်။ ရပ်လိုက်တော့ ထွက်ပြေးပြီး လွတ်သွားတယ်။ သူတို့က စစ်တပ်သတင်းပေးတွေ၊ ဒေါက်တိုင်တွေ” ဟု ညောင်ဦးမြို့နယ် အထူးချေမှုန်းရေးတာ၀န်ခံ ကိုစစ်ပိုင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါပစ်ခတ်မှုကို ညောင်ဦးမြို့နယ် တော်လှန်ရေးအဖွဲ့များမှ အဖွဲ့ သုံး ဖွဲ့ခွဲ၍ ၀င်ရောက်ပစ်ခတ်ခဲ့ပြီး နှစ် ဦး မှာသေဆုံးသွားသော်လည်း ကျန်တစ်ဦးမှာ ပစ်ခတ်ချိန်တွင် အမျိုးသမီးတစ်ဦးမှ ၀င်ရောက်ကာကွယ်ပေး သည့်အတွက် ပစ်ခတ်မှုရပ်တန့်ချိန်တွင် ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။

သေဆုံးသူ ကိုဖိုးဇော်သည် စစ်ကောင်စီ၏အဓိက အားကိုးရသည့် သတင်းပေးအကြီးစား‌ဖြစ်ပြီး စစ် ကောင်စီတပ်ဖွဲ့၀င်များ၊ ပျူစောထီးတပ်ဖွဲ့၀င်များ နှင့် အလွန်ရင်းနှီးသူဖြစ်ကာ PDF များကို စစ်ဖိနပ်နှင့် နင်းပြမည်ဟု ကြွေးကြော်နေသူဖြစ်ကြောင်းလည်း သိရသည်။

ကိုအောင်ကိုနှင့် ကိုသိုက်ဦးဆိုသူမှာလည်း စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်မှုထမ်းဥပဒေကိုအကြောင်းပြ၍ ကျေးရွာအတွင်းမှ လူငယ်များနှင့် ပြည်သူ့များကို အတင်းအဓမ္မ စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူ နေပြီး ကျေးရွာနေပြည်သူများအပေါ် အာဏာပြ ခြိမ်းခြောက်နေသူများလည်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

၎င်းတို့ သုံး ဦးသည် တံတားရွာပတ်၀န်းကျင်ရှိ PDF များ ရှိသည့်နေရာများကိုလည်း စုံစမ်း၍ စစ်ကောင်စီထံ သတင်းပေးနေသူများလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ပုဂံစစ်သည်(ညောင်ဦးမြို့နယ် အထူးချေမှုန်းရေးတပ်)၊ ပုဂံပြည်ဘီလူးတပ်(ညောင် ဦးမြို့နယ် ပကဖ)၊ ရန်ကြီးအောင်(ညောင်ဦးမြို့နယ် ပကဖ)၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ရဲဘော်ညီနောင် (ညောင်ဦးခရိုင်တပ်ရင်း ၅ တပ်ခွဲ ၂)တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မန္တလေး #‌တောင်သာ #တံတားကျေးရွာ #စစ်တပ်သတင်းပေး #၃ဦး #ပစ်ခတ်ခံရ #၂ဦး‌သေဆုံး #Ayeyarwaddy_Times