ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ စစ်ကောင်စီ၏ ခမရ-၅၆၅မှ ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော် (AA) က အရှင်ဖမ်းဆီးရမိပြီး ဆေးကုသ ပေးထားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဘူးသီးတောင်၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ-၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ပြီးခဲ့သည့် ဧပြီ ၅ ရက်၊ ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဘဒနာကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော်မှ လက်ရ ဖမ်းဆီးရမိခဲ့‌ကြောင်း AA ကထုတ်ပြန်သည်။

ခြေမြန်တပ်ရင်း ခမရ-၅၆၅၏ ဒုတပ်ရင်းမှူး ၊ ဗိုလ်မှူးဇော်ဇော်အောင် ၄၀ နှစ်ခန့်သည် DSA အပတ်စဉ် ၄၇ ဆင်းဖြစ်ပြီး ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ-၅၆၄ တပ်ရင်းဌာနချုပ် အား ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်သည့် စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ချအညံ့ခြင်းမပြုဘဲ ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်‌ကြောင်း သိရသည်။

ဒဏ်ရာများဖြင့် ဖမ်းဆီးရမိသော ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင် အား ရက္ခိုင့်တပ်တော် (AA) ၏ ဆေးတပ်ဖွဲ့မှ လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် ခမရ (၅၆၄) စခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော် AAမှ လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိရာ ယနေ့ ဧပြီလ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပြီး အခြားလွတ်မြောက်နေသေးသော သူများကို လည်း ဆက်လက် လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိ‌ကြောင်း AA ကထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဧပြီ ၅ရက်နေ့ကလည်း ဘူးသီးတောင်ရှိ ခမရ -၅၆၄တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈၀ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

AA သည် စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ-၅၅၂ တပ်ရင်းအား စစ်ကောင်စီ၏ ကြည်းတပ်၊ လေတပ်တို့ပေါင်းကာ အပြင်းအထန်ခုခံနေသည့်ကြားမှ ရက်ပေါင်း ၃၂ ရက်အကြာ ပြီးခဲ့သည့် မတ် ၂၅ ရက် နေ့လယ် ၁၂ နာရီ တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နေ့ မတ်လ ၂၅ ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့‌ပြီးနောက် တဆက်တည်းတွင်ပင် မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ‌ကြောင်း သိရသည်။

#ဘူးသီးတောင် #စစ်ကောင်စီ #ခမရ၅၆၅ #ဒုတပ်ရင်းမှူးဗိုလ်မှူးဇော်ဇော်အောင် #AA #အရှင်ဖမ်းဆီးရမိ #Ayeyarwaddy_Times