မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၇ ရက်

ကရင်ပြည်နယ်၊ မြ၀တီရှိ စစ်ကောင်စီတပ်မှ ပိတ်မိနေသည့် စစ်ဘက်ဆိုင်ရာထိပ်ပိုင်းအရာရှိများနှင့် Non CDM အရာထမ်းများ ထိုင်းနိုင်ငံ မဲဆောက်မှတဆင့် လေယာဉ်ဖြင့် ထွက်ပြေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ တာဝန်ရှိသူများနှင့် စစ်ကောင်စီတို့ ညှိနှိုင်းနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် အနီးတဝိုက် နှင့် သင်္ဃန်းညီနောင်တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲများအပြင်း အထန်ဖြစ် ပွားပြီးနောက် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များအတွင်း ပိတ်မိနေသည့် စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းအရာရှိများနှင့် ၀န်ထမ်းများ ထိုင်းနိုင်ငံ မဲဆောက်မှတဆင့် လေကြောင်းဖြင့် ထွက်ပြေးရန် ညှိနှိုင်းမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတဆင့် ထွက်ပြေးရန်အတွက် ညှိနှိုင်းနေသည့် အရာရှိပိုင်းနှင့်၀န်ထမ်းများမှာ စစ်ကောင်စီ၏ ခမရ ၃၅၆၊ ခမရ ၃၅၇ နှင့် ယခုလက်နက်ချရန်ညှိနှိုင်းနေသည့် ခမရ ၂၇၅ တို့မှဖြစ်ပြီး ၀န်ထမ်းများမှာလည်း စစ်ကောင်စီလက်အောက်ခံ Non CDM အရာရှိများဖြစ်ကြောင်း သိရသည်။

“အခု ထွက်ပြေးဖို့ညှိနေတဲ့သူတွေက တပ်ရင်းမှူးအဆင့်ရှိတဲ့သူတွေနဲ့ ထိုင်းနဲ့ညှိတယ်။ ပြေးဖို့က တပ် ပိုင်းဆိုင်ရာနဲ့ ထွေအုပ်‌၀န်ထမ်းအများဆုံးပဲ။ တခြား စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေလည်းပါ တယ်လို့ သိထားတယ်။ မဲဆောက်ကနေရန်ကုန်ကို လေယာဉ်စီစဉ်မယ်လို့ ကြားထားပါတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ ဧပြီ ၆ ရက်နေ့နှင့် ပြီးခဲ့သည့်ရက် ပိုင်းအတွင်းက ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ နှင့် သင်္ဃန်းညီနောင်စစ်ဗျူဟာစခန်းတို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ၏ အရာရှိများ၊ ၀န်ထမ်းများ မြို့အတွင်းပိတ်မိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်တွင် Airport Immigration Checkpoint မရှိ၍ ပိတ်မိနေသည့် စစ်ကောင်တပ် အရာရှိများနှင့် Non CDM အရာထမ်းများကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)ဖြင့် မဲဆောက်အထိ လာရောက်ခေါ်ယူနိုင်ရန် ညှိနှိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ အရှေ့ တောင်တိုင်းစစ်ဌာန ချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီ နောင်မှ အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့်တပ်သားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦး၊ တပ် မိသားစု၀င် ၈၁ ဦး စုစုပေါင်း ‌၆၁၇ ဦးသည် KNLA ဦး ဆောင်သည့် ကရင်အမျိူးသားကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ထံ လက်နက်ချအညံ့ ခံခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချစခန်းကို ယမန်နေ့ ဧပြီ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က KNLA ပူး ပေါင်းတပ်မှ စတင်၀င်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

သင်္ဃန်းညီနောင်တွင် ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ ၂၇၅ တပ်ရင်းသည်လည်း လက်နက်ချရန် ညှိနှိုင်းကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်များထံက သိရသည်။

ပုံစာ-စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်တစ်စီးကို တွေ့ရစဉ်
#ကရင် #မြ၀တီ #သင်္ဃန်းညီ‌နောင် #စစ်ကောင်စီ #ထိုင်း #ထွက်ပြေး #ညှိနှိုင်း #KNLA #တော်လှန်ရေး တပ်ဖွဲ့ #တိုက်ခိုက် #Ayeyarwaddy_Times