
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီ ၇ ရက်)
နှစ်စဉ် ဧပြီလ ၄ ရက်နေ့ကို မိုင်းသတိပြုရေးနှင့် မိုင်းအရေးလှုပ်ရှားမှုကူညီရေး အပြည်ပြည်ဆိုင်ရာနေ့ အဖြစ် သတ်မှတ် ကျင်းပကြပါတယ်။
ယခုနှစ် ၂၀၂၄ ခုနှစ်ရဲ့ မိုင်းအသိပညာမြှင့်တင်ရေးနေ့ ကြွေးကြော်သံ “Protecting Lives, Building Peace” “လူ့အသက်များကိုကာကွယ် ငြိမ်းချမ်းရေးကိုတည်ဆောက်” ဆိုတဲ့အတိုင်း မြန်ပြည်တစ်လွှားမှာ ရှိနေသူများအားလုံး မိုင်းအန္တရာယ် ကင်းစေ ချင်ပါတယ်။
ဒါကြောင့် မြေမြှုပ်မိုင်းများ နဲ့ စစ်ပွဲအတွင်းမှာကျန်ရစ်တဲ့ ပေါက်ကွဲစေတတ်သော လက်နက်အကြွင်း အကျန်တွေရဲ့ အန္တရာယ်ကို သတိပြုမိစေချင်ပါတယ်။
မိုင်းရှိနိုင်သောနေရာတွေကို မိုင်းရှင်းလင်းရန်၊ စစ်ဘေးဒုက္ခသည်များကိုကူညီရန်နှင့် မိုင်းပေါက်ကွဲမှုကြောင့်ထိခိုက်နစ်နာမှုများ အသေအပျောက်များ ကာကွယ်ရန် အစီအစဉ်များ စနစ်တကျချမှတ်ထားသင့်ပါတယ်။
စစ်ဖြစ်ပွားရာဒေသတွေသာ သာမကဘဲ စစ်ပွဲပြီးသော်လည်း မိုင်းရှင်းလင်းရေး မလုပ်ရ သေးတဲ့ ဒေသတွေမှာလည်း မြေမြှုပ်မိုင်းအန္တရာယ်ကို ကြုံတွေ့ရင်ဆိုင်နေရပါတယ်။
နင်းမိလျှင် ပေါက်ကွဲတတ်သော မြေမြုပ်မိုင်းကိုယ်ထည်ကို ပလတ်စတစ်နှင့်ဖြစ်ဖြစ် သတ္တုနှင့်ဖြစ်ဖြစ် လုပ်နိုင်ပါသည်။ စစ်ကောင်စီတပ်တွေဟာ သူတို့ စစ်ကြောင်းထိုးပြီး စခန်းချခဲ့တဲ့ ရွာတွေ၊ အိမ်တွေ၊ လမ်းတံတားတွေမှာ မြေမြုပ်မိုင်းတွေကို ထောင်ထား တတ်ကြပါတယ်။
အဲ့ဒီလို မြေထဲမှာမြုပ်ထားတဲ့ မိုင်းအပေါ်ကို နင်းမိတဲ့အခါ ပေါက်ကွဲပါတယ်။ ပြင်းထန် တဲ့ပေါက်ကွဲအားက လူကိုသေနိုင်ပါတယ်။ အသက်ရှင်ခဲ့ရင်တောင် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးနိုင်ပါတယ်။
ခြေလက်ဖြတ်တောက်လိုက်ရတာ ၊ မသန်စွမ်းအဖြစ် ထိခိုက်နစ်နာသွားတာ၊ စိတ်ပိုင်း ဆိုင်ရာထိခိုက်ရတာတွေအပြင် မိုင်းပေါက်ကွဲ မှုကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ၊ အကျိုးဆက်တွေကြောင့် အများကြီးရှိပါတယ်။
မြေမြှုပ်မိုင်းအန္တရာယ်ဟာ လက်နက်ကိုင် တော်လှန်နေကြသူများကိုသာ အန္တရာယ် ကျစေတာ မဟုတ်ပါ။ ဒေသခံအရပ်သားတွေနဲ့ စစ်ပွဲအတွင်း ကူညီနေကြသူများကိုပါ မိုင်းများက ခြိမ်းခြောက်လျက်ရှိပါတယ်။ မြေမြုပ်မိုင်းတွေဟာ ဆယ်စုနှစ်တွေ ကြာတဲ့တိုင်အောင် မပေါက်ကွဲဘဲ ရှိနေနိုင်ပါတယ်။
အပြစ်မဲ့အရပ်သားတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် လာရောက် ကူညီပေးသူတွေကို မိုင်းက အမြဲ ခြိမ်းခြောက်လျက်ရှိနေပါတယ်။
မြေမြှုပ်မိုင်းတွေက ချက်ခြင်းလက်ငင်း အသက်ဆုံးရှုံးခြင်း ကိုယ်လက်အင်္ဂါဆုံးရှုံးရခြင်း ဆိုတဲ့ ထိခိုက်မှုတွေထက်ပိုတဲ့ အန္တရာယ်တွေ ရှိပါတယ်။
“မိုင်းရှိတယ်” ဆိုတဲ့အကြောက်တရားဟာ လူတွေရင်ထဲမှာကိန်းအောင်း ခြောက်လှန့် နေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။ စိတ်မလုံခြုံမှု၊ ဆင်းရဲမွဲတေ မှုတွေနဲ့အတူ ဒေသခံ ရပ်ရွာလူထုကို ထိခိုက်နစ်နာစေပါတယ်။
မိုင်းကြောင့် စိုက်ပျိုးရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက် လိုအပ်တဲ့ မြေတွေကို အသုံးမချနိုင်ဖြစ်ရပြီး ဖွံ့ဖြိုးတိုးတက်မှုကိုတားဆီးနေပါတယ်။ မိုင်းတွေဟာ အေးချမ်းသာယာခြင်းရဲ့ ညှောင့်စူးခလုတ် တစ်ခုလို ဖြစ်နေရပါတယ်။
လူတစ်ဦးချင်းစီက မိုင်းအကြောင်းကို သိထားရပါမှ မိုင်းကြောင့်အသက်သေဆုံးခြင်း ကိုယ်လက်အင်္ဂါ ထိခိုက်ခြင်းတွေကိုကာကွယ်နိုင်ပါမယ်။
မိုင်းရှိနေကြောင်း သတိပေးဆိုင်းဘုတ်တွေ၊ အမှတ်အသားတွေ ညွှန်ပြထုတ်ပြန် ထားရင် ရှောင်ပါ။ မိုင်းနှင့် မပေါက်ကွဲသေးတဲ့ လက်နက်တွေကို သံသယဖြစ်ဖွယ် တွေ့မြင်ခဲ့ရင် လုပ်ရမည့်လမ်းညွှန်ချက်တွေသိထားရပါမယ်။ အကြောင်းကြားရမယ့် အဖွဲ့အစည်းတွေ ကို ဆက်သွယ်ရပါမယ်။
စစ်မက်ပဋိပက္ခဖြစ်ပွားနေရာ ဖြစ်ပွားခဲ့ရာ ဒေသများတွင် သွားလာပါက ဟိုဟို သည်သည်လျှောက်သွားခြင်း စူးစမ်းရှာဖွေသွားလာခြင်းကိုရှောင်ကြဉ်ပါ။ မိုင်းနဲ့ အခြား သံသယဖြစ်ဖွယ် ပေါက်ကွဲလက်နက်တွေကနေ ဝေးဝေးနေကြဖို့ ကလေးတွေကို သင်ကြားပညာပေးပါ။ မိုင်းသံသယဖြစ်ဖွယ်တွေ့ပါက ဒေသအာဏာပိုင်အဖွဲ့တွေနဲ့ မိုင်းရှင်းအဖွဲ့အစည်းများကို သတင်းပို့ပါ။ မိုင်းအန္တရာယ်ရှိနေရာ ဒေသတွေကနေ ခရီး သွားခြင်းကို ကန့်သတ်ပါ။
မိုင်းဒဏ်ရာရရှိပါက ရှေးဦးသူနာပြုစုနည်းကို ရပ်ရွာမှာ သင်ကြားပေးရပါမယ်။ မိုင်း ထိခိုက်မှုကုသရန်အတွက် ရှေးဦးသူနာပြုစုနည်းဖြစ်တဲ့ သွေးထွက်ခြင်း၊ သွေးလန့်ခြင်း ၊ ဒဏ်ရာ အနာစည်းခြင်းတွေကို ကနဦး လုပ်ပေးရပါမယ်။ ဆေးရုံဆေးခန်းကို မှန်ကန်တဲ့ သယ်ယူခြင်း နည်းလမ်းနဲ့ အထိခိုက်အနည်းဆုံးဖြစ်အောင် ပို့ဆောင်ရပါမယ်။
နွေဦးတော်လှန်ရေးနှင့်မိုင်းအန္တရာယ်
နွေဦးတော်လှန်ရေးမှာ မိုင်းကြောင့် ထိခိုက်သူအရပ်သားပြည်သူတွေ အသက်ဆုံးရှုံး ရသူတွေ ရာနဲ့ချီပြီးရှိပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေပိုင်တဲ့ အိမ်တွေထဲကို စခန်းချ ဝင်ရောက်ပြီး မိုင်းထောင်ခဲ့ခြင်းတွေ လုပ်ဆောင်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးပြီး ပြည်သူတွေ သေကြေ ဒဏ်ရာရခဲ့ခြင်းများစွာ ရှိခဲ့ပါတယ်။
မကြာသေးခင်ကတင် ကရင်နီဒေသရဲ့ နေအိမ်တစ်ခုမှာ စစ်ကောင်စီတပ်တွေ တပ်ဆင်ခဲ့တဲ့ မြေမြုပ်မိုင်းကြောင့် ကိုယ်ဝန်တတိယလပတ်နဲ့ မွေးဖွားခါနီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မိခင်လောင်းဟာ ခြေနှစ်ချောင်းလုံး ဆုံးရှုံးခဲ့ရတဲ့အပြင် ကိုယ်ဝန်ပါ အဖတ်မတင်ဘဲ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း အညာဒေသလိုနေရာတွေအစ တိုင်းနဲ့ပြည်နယ် အနှံ့အပြားမှာ မြေမြှုပ်မှိုင်းတွေ ထောင်ထားပါတယ်။ စစ်ကောင်စီထောင်ခဲ့တဲ့ မိုင်းတွေ ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်တွေ ၊ အရပ်သားပြည်သူတွေ များစွာ ရှိပါတယ်။
ဒါကြောင့် တော်လှန်ရေးအောင်ပွဲအပြီး မိုင်းဖယ်ရှားရေးလုပ်ငန်းစဉ်တွေကို ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ မဖြစ်မနေဆောင်ရွက်ရမှာကို နားလည် သဘောပေါက် ထားဖို့လိုအပ်ပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (Ministry of Humanitarian Affairs and Disaster Management) ကိုဆက်သွယ်ပြီး သတင်းအချက်အလက်များ နှင့် ပညာပေးအစီအစဉ်များအတွက် လိုအပ်သောအကူအညီများ တောင်းခံနိုင်ပါတယ်။
မိုင်းကြောင့် သေဆုံးရသူများ ထပ်မတိုးစေရန်နဲ့ စစ်ပွဲတွေ ကြာရှည်မနေတော့ဘဲ အမြန်ဆုံး အောင်ပွဲတွေရပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ လေထုညစ်ညမ်းခြင်းနှင့်ကျန်းမာရေးကို ဆောင်းပါးအဖြစ် တင်ဆက်ပေးသွားမှာကြောင့် ဧရာ၀တီတိုင်းမ် ပရိသတ်များအားလုံး စောင့်မျှော်ဖတ်ရှု ပေးကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သတိပြုဖွယ်မြေမြှုပ်မိုင်းအန္တရာယ် #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)