အယိုက်လင်း/ ဧရာဝတီတိုင်းမ်
ဧပြီလ ၇ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်ရဲကားနှင့် တိုက်မိသောကြောင့် အရပ်သား တစ်ဦးသည် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မင်းတပ်မြို့၊ စံပြရပ်ကွက်၊ လျှပ်စစ်ရုံးအကွေ့တွင် ယမန်နေ့ ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် စျေးမှပြန်လာသည့် အရပ်သား တစ်ဦး၏ ဆိုင်ကယ်ကို အရှိန်နှင့် မောင်းနှင်းလာသော စစ်ကောင်စီ၏ ရဲကားဖြင့် တိုက်မိသောကြောင့် အရပ်သား တစ်ဦးသည် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

“အရှိန်နဲ့ ကားမောင်းလာတဲ့ ရဲကားက စျေးကနေ ပြန်လာတဲ့ အရပ်သားဆိုင်ကယ်ကို လျှပ်စစ်ရုံးအကွေ့မှာ ဝင်တိုက်သွားတာပါ။ အဲ့ဒီ ရဲကားမောင်းတဲ့ လူက မြို့ထဲပတ်တာဖြစ်ဖြစ်၊ စျေးဝယ်တာဖြစ်ဖြစ် ကားမောင်းတာ အရမ်းကြမ်းတယ်။ အခုလည်း ကားအရှိန်နဲ့ မောင်းလို့ အဲ့လို တိုက်မိတာဖြစ်တယ်။ လူနာက ဆေးရုံရောက်သွားပြီ။ ဆိုင်ကယ်လည်း ပျက်စီးသွားတယ်။ “ဟု မင်းတပ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသည့် အရပ်သားသည် အသက် ၄၂ နှစ်အရွယ်ရှိ အမျိုးသားဟု သိရပြီး ၎င်းသည် မင်းတပ်မြို့ အနောက်ဘက် စံမင်းသီရိ ဘုရားကုန်းအောက်ဘက်တွင် နေထိုင်သူဖြစ်ကြောင့် သိရှိရသည်။

လက်ရှိတွင် အဆိုပါ အမျိုးသားကို မင်းတပ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကာ အသက်အန္တရာယ် စိုးရိမ်စရာမရှိသော်လည်း ညာခြေတစ်ဖက် ဖြတ်လိုက်ရကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- မင်းတပ်မြို့ တစ်နေရာကို တွေ့ရစဥ်။

#ချင်းပြည် #မင်းတပ် #အရပ်သားတစ်ဦး #စစ်ကောင်စီရဲကား #Ayeyarwaddy_Times