ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

စစ်တပ် အာဏာသိမ်းထားသည့် သုံးနှစ်အတွင်း ပုဂ္ဂလိကကျောင်း(ကိုယ်ပိုင်ကျောင်း) ဖွင့်လှစ်မှုများလာပြီး ပုဂ္ဂလိကကျောင်းများ အနေဖြင့် ဧပြီ ၁၂ ရက် နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပုဂ္ဂလိက ကျောင်းမှတ်ပုံတင်ခြင်းကို မတ်လ ၈ ရက်နေ့ နောက်ဆုံး ထားလျှောက် ထားရန်ထုတ်ပြန်ထားသော်လည်း နာမည်ကြီးကျောင်းအချို့ အပါအဝင် ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းမရှိသဖြင့် ဧပြီ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ထပ်မံ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ပုဂ္ဂလိကပညာရေးဥပဒေကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ ပုဂ္ဂလိကကျောင်းများအားလုံး ဥပဒေနှင့်အညီ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများရှိ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားကြရမည်ဖြစ်ကြောင်း ဆိုထားည်။

မှတ်ပုံတင်လျှောက်ထားရမည့် ကျောင်းများတွင် နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကျောင်းများ၊ အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ကျောင်းများ အပါအဝင် ပုဂ္ဂလိက အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့် ပညာကျောင်းများပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဘာသာစကားသင်ကျောင်းများအပါအဝင် ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင် ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများသည် ဧပြီ ၁၂ မတိုင်မီ မှတ်ပုံတင်လျှောက်ထား ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းမရှိပါက အဆိုပါပုဂ္ဂလိကကျောင်းများကို ပိတ်သိမ်းမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

” အခုချိန်မှာ ဘာစီးပွားရေးမှ မကောင်းဘူး။ ကိုယ်ပိုင်ကျောင်းထောင်တာပဲ အလုပ် ဖြစ်တယ်။ မြို့မှာရော နယ်တွေမှာရော ပုဂ္ဂလိကကျောင်းတွေ အများကြီးပဲ ဖွင့်လာတာတွေ့တယ် ” ဟု အသေးစားစီးပွားရေးလုပ်ငန်းရှင် ကျောင်းသားမိဘတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကျောင်းသားမိဘများသည် ၎င်းတို့၏ ကျောင်းနေအရွယ် သား၊သမီး များကို စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာကျောင်းများတွင် ထားလိုခြင်းမရှိသောကြောင့် ပြင်ပ ပုဂ္ဂလိက ကျောင်းများ ပိုမိုများပြားလာခြင်း ဖြစ်သည်။

ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများ၏ ကျောင်းလခအနေဖြင့် တစ်လလျှင် အနည်းဆုံး ကျပ်ရှစ်သောင်း မှ သုံးသိန်းကျပ် နီးပါးအထိရှိပြီး ကိုယ်ပိုင်ကျောင်းသင်ရိုးညွှန်းနှင့် နိုင်ငံတကာကျောင်းသင်ရိုးညွှန်း ဖက်စပ်ကျောင်းများက ကျောင်းလခပိုဈေးကြီးကြောင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကျောင်းတစ်ကျောင်းတွင် ကျောင်းအပ်နှံထားသည့် ကျောင်းသားမိဘ တစ်ဦးထံက သိရသည်။

“ကိုယ်ပိုင်ကျောင်းတွေများလာတာ မနှစ်ကတည်းက။ အိမ်နားမှာဆို အခုတောင် အသစ်ဖွင့်ဖို့ ပြင်နေတဲ့ ကျောင်းနှစ်ကျောင်း တွေ့တယ်။ ကိုယ်ပိုင်ကျောင်းတွေ များလာပြီးတော့ ကျောင်းကောင်းဖို့ရွေးရခက်တယ်။ ကိုယ်ပိုင်ကျောင်းထားပြီးတော့ ကျူရှင်ပြန်ထားရတာတွေရှိနေတယ်” ဟု သင်္ဃန်းကျွန်းတွင် နေထိုင်သူမိဘတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အသစ်ထုတ်ပြန်သော ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်း ဘာသာရပ်များကို မဖြစ်မနေ သင်ကြားကြရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေ က ပြောကြားထားသည်။

အဆိုပါဥပ‌ဒေသစ်တွင် အခန်း ၁၆ ခန်း ။ ပုဒ်မပေါင်း ၈၂ ခုပါဝင်ပြီး ပုဂ္ဂလိက ကျောင်းများ၏ စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ ကျောင်းဆရာ မှတ်ပုံတင် လျှောက်ထားခြင်း၊ နိုင်ငံခြားသားပုဂ္ဂလိက ကျောင်း ဆရာ မှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း သက်တမ်းတိုးပေးခြင်းတို့ကို ခွင့်ပြုခြင်း နှင့် ပယ်ဖျက်ခွင့်ရှိပြီး ထိန်းချုပ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင်၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွင်း ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်း (တက္ကသိုလ်၊ ကောလိပ်၊ စင်တာ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကကျောင်း ၈၄၂ ကျောင်းရှိကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနထံက သိရသည်။

‌ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-ကိုယ်ပိုင် ပုဂ္ဂလိကျောင်းတစ်ကျောင်းအား တွေ့ရစဉ်

#ပုဂ္ဂလိကကျောင်း #ကျောင်းမှတ်ပုံတင် #စစ်ကောင်စီ #ပညာရေးဝန်ကြီးဌာန #ဧပြီ၁၂ရက် #Ayeyarwaddy_Times