
ဧရာဝတီတိုင်းမ်
(လေးကေကော်)၊ ဧပြီ ၆ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများနှင့် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းကို ယနေ့ ဧပြီ ၆ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြဝတီမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် လေးကေကော် လက်နက်ကြီးကုန်းတို့ လက်နက်မချဘဲ ကျန်ရှိနေကြောင်း သိရသည်။
မြဝတီအခြေစိုက် စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာကုန်း နှင့် ခမရ-၃၅၅၊ ခမရ-၃၅၆၊ ခမရ-၃၅၇ နှင့် ခလရ-၂၇၅ တပ်ရင်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏မိသားစုဝင်များ ရာနှင့်ချီလက်နက်ချ အညံ့ခံထားကြောင်း သိရသည်။
“လက်ရှိကတော့ နယ်မြေရှင်းလင်းရေးဆက်လုပ်နေပါတယ် ခင်ဗျာ။ ခလရ-၂၇၅ ကတော့ လက်နက်ချပြီလို့တော့ ပြောပါတယ်။ မိသားစုဝင်တွေအပါ ပေါ့နော်။ ကျန်နေသေးတာတော့ လေးကေ့ကော်နားက လက်နက်ကြီးတပ်တခုရှိပါသေးတယ်။ မြဝတီရဲစခန်းလဲရှိပါသေးတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်ပွားနေတာမျိုး မရှိပါဘူး” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်ကို ယမန်နေ့ ဧပြီ ၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ-၃၅၇ တပ်ရင်းကိုလည်း ယမန်နေ့ ညပိုင်းတွင် လက်နက်ချရန် ဆွေးနွေးခဲ့ပြီးနောက် ယနေ့ ဧပြီ ၆ ရက်နေ့တွင် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗျူဟာစခန်းကို သိမ်းပိုက်ရာတွင်လည်း ၁၂၂-မမ လက်နက်ကြီး နှစ် လက်၊ ၁၂၀မမ လက် နက်ကြီး နှစ်လက် အပါအဝင် အခြား လက်နက်ခဲယမ်း ကျည်ဆံ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်းလည်း KNLA ကထုတ်ပြန်ထားသည်။
“မြဝတီမှာတော့ဖုန်းလိုင်းတွေဖျက်ထားတယ်။ ရလိုက်မရလိုက်ဖြစ်နေတယ်။ မြို့ထဲမှာ တော့ သွားလာနေတဲ့သူတွေရှိတယ်။ တခုခုဆိုပြေးဖို့တော့ အထုပ်ပြင်ထားတယ်။ မြို့ထဲကတော့ အဓိက က လေယာဉ်လာမှာကို ကြောက်နေကြတယ်” ဟု မြဝတီမြို့မှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လက်ရှိတွင် ခမရ-၃၅၇ နှင့် ခလရ-၂၇၅ မှ လက်နက်ချခဲ့သည့် စစ်ကောင်စီ တပ်သားနှင့် ၎င်းတို၏မိသားစုဝင် စုစုပေါင်း ၆၀၀ ကျော်ကို ရွှေကုက္ကိုလ်မြို့အတွင်းသို့ ပို့ဆောင်ထားကြောင်းဒေသတွင်း သတင်းရင်းမြစ်များက ဆိုထားပြီး ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ဗျူဟာကုန်းမှသိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ
#မြဝတီ #တပ်ရင်းသိမ်းပိုက် #စစ်ကောင်စီတပ်ရင်း #ဗျူဟာကုန်း #လက်နက်ခဲယမ်းသိမ်းဆည်းရမိ #Ayeyarwaddy_Times