ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ စစ်ကောင်စီ၏ ခမရ-၅၆၄ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ၅ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ-၅၆၄ တပ်ရင်းဌာနချုပ်၏ တပ်ရင်းဌာန ချုပ်တစ်ခုလုံးကို ယမန်နေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက် ရရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ယင်းစခန်းအား ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ရေးအရ အရေးပါသော ၎င်းတို့၏ ခမရ-၅၆၄ စခန်းကို ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်းအသန် ပူးပေါင်းခုခံကာကွယ်နေခဲ့သော်လည်း ရက္ခိုင့် တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အား မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိဘဲ ၅ ရက်အကြာတွင် ရက္ခိုင့်တပ်တော် လက်အောက်သို့ ကျရောက်ခဲ့ပြီး နောက်ထပ် စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု AAက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ အရေအတွက် ၈၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး AA ဖက်မှလည်း ထိုက်သင့်သော ပေးဆပ်မှု၊ ရင်းနှီးမှုများဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ အလောင်းများစွာနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပြီး ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟု AA က‌ ဆိုသည်။

စစ်ကောင်စီ၏ ကြည်းတပ်၊ လေတပ်တို့ပေါင်းကာ အပြင်းအထန် ခုခံခဲ့သည့် စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ-၅၅၂ တပ်ရင်းကိုလည်း ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ရက်ပေါင်း ၃၂ တိုင် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

ထို့နောက် မတ်လ ၂၅ ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား ထပ်မံသိမ်းပိုက်ခဲ့ပြီး တဆက်တည်းတွင်ပင် မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း ပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ‌ကြောင်း သိရသည်။

#ဘူးသီးတောင် #စစ်‌ကောင်စီ #ခမရ၅၆၄တပ်ရင်း #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times