
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၅ ရက်
ဒေါနတနင်္သာရီ- စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့က ကျေးရွာ (၁၂) ရွာရှိ ပြည်သူပေါင်း (၂၁၃၀) ဦးကို မြေမြုပ်မိုင်း အန္တရာယ် နှင့် ပတ်သက်၍ အသိပညာပေးပွဲကို ဧပြီ ၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၄ ရက်နေ့သည် ” အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်း အသိပညာပေးရေး နှင့်အကူအညီပေးရေးနေ့” (International Day For Mine Awareness and Assistance Mine Acton) ဖြစ်သည်။ ထိုကြောင့် ဒေါနတနင်္သာရီ – စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့မှ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များ၏ အန္တရာယ်၊ လေကြောင်းအန္တရာယ်၊ ဗုံးခိုကျင်းနှင့် ဗုံးခိုဘန်ကာတူးနည်း စသည်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောမှုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိပြီး အခြားသောကျေးရွာများတွင်လည်း ဆက်လက်မျှဝေသွားမည်ဟု သိရသည်။
ထိတွေ့တိုက်ပွဲများ ပိုမိုဖြစ်ပွားလာသည်နှင့်အညီ ပြည်သူလူထုအနေဖြင့်လည်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်ကို ပိုမိုကြုံတွေ့နေရပြီး အဆိုပါဘေးအန္တရာယ်များကိုလျော့ချနိုင်ရန် ယခုကဲ့သို့ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ-ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
#ဒေါနတနင်္သာရီ #စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ #မြေမြုပ်မိုင်းအန္တရာယ် #အပြည်ပြည်ဆိုင်ရာ #မြေမြုပ်မိုင်းအသိပညာပေးရေး #Ayeyarwaddy_Times