
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
ဈေးအမြင့်တန်းတွင်ရှိနေသော စက်သုံးဆီသည် ယနေ့ ဧပြီ ၅ ရက်နေ့တွင် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီး တန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်း စုံစမ်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များတွင် အောက်တိန်း ၉၂ ၊ အောက်တိန်း ၉၅ ၊ ပရီမီယံဒီဇယ်၊ ဒီဇယ် လေးမျိုးတွင် ၉၂ သာရရှိပြီး ကျန်ဆီများမှာ ပြတ်လပ်မှုရှိကြောင်း ရန်ကုန်မြို့ရှိ ယာဉ်မောင်း များထံက သိရသည်။
အောက်တိန်း ၉၂ တစ်လီတာ ၂၇၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၉၀၅ ကျပ် ၊ ပရီမီယံဒီဇယ် ၂၄၄၅ ကျပ်နှင့် ဒီဇယ် ၂၄၀၀ ကျပ်ဖြင့် ဈေးအမြင့်တန်းတွင်တစ်ပတ်ကြာ ရှိနေကြောင်းသိရသည်။
” စစ်ကောင်စီလက်ထပ်တော့ ဒီလိုပဲဖြစ်နေမှာပဲ။ ဆီရရင်ကံကောင်းပေါ့ ဒီလိုပဲသွားမှာ။ မကြာခဏဆီပြတ်နေတာပဲ” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ရပ်ကွက်အတွင်း သွားလာရာတွင် အဓိကအားထားစီးနင်းရသည့် သုံးဘီးဘေးတွဲ ယာဉ်စီးခ ဈေးနှုန်းများမြင့်တက်လာ၍ ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဖြစ်သွားကြောင်း သုံးဘီးဘေးတွဲစီးသူ မြို့ခံအိမ်ရှင်မ တစ်ဦးက ဆိုသည်။
” တချို့ဆီဆိုင်တွေက ဘေးတွဲတွေကို ဆီမရောင်းဘူး။ အဲဒီတော့ မှောင်ခိုသဘောပဲ လမ်းဘေးမှာ တစ်လီတာ ၄၀၀၀ နဲ့ ဝယ်ရတယ်။ စီးတဲ့သူတွေကိုတော့ အားနာပါတယ်။ မကိုက်တော့လို့ ဈေးတက်ရတယ် ” ဟု ဘေးတွဲမောင်းသူတစ်ဦးက ပြောသည်။
လက်ရှိစက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိနေပြီး တန်းစီစောင့်ဆိုင်းဝယ် ယူနေပြီး သင်္ကြန်ကာလအတွက် စက်သုံးဆီဝယ်ယူစုဆောင်းသူများရှိနိုင်ကြောင်း ရန်ကုန်မြို့ခံများ က ဆိုသည်။
စစ်ကောင်စီက ပို့ကုန်ရရှိငွေများကို ပြလည်သုံးစွဲရာတွင် စက်သုံးဆီဝယ်ယူရေး အတွက်ဦးစားပေးလျက်ရှိကြောင်း မကြာခဏ ဆိုသလို ပြောကြားထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စက်သုံးဆီဈေးမြင့် #စက်သုံးဆီပြတ်လပ် #မကြာခဏဖြစ်ပွား #Ayeyarwaddy_Times