ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဧပြီ ၅ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ မုပ္ပလင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကိုတော် လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ဧပြီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ရေး ဂိတ်စခန်းကို ‌ဒရုန်းဖြင့် ဗုံးသီး လေး လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဆေးရေးဂိတ်ပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကိုမူ သိရခြင်းမရှိသေးကြောင်း သိရသည်။

” ထိခိုက်သေဆုံးတာ မသိရသေးလို့ ကျွန်တော်တို့လည်း ဆက်လက်စုံစမ်းနေပါတယ်။ စစ်ကောင်စီဘက်က ၄၀ မမတွေနဲ့ပြန်ပစ်တယ်။ လက်နက်ငယ်တွေနဲ့ပြန်ပစ်တယ်။ စက်လက် တွေနဲ့ပြန်ပစ်တာမျိုးတွေရှိတယ်။ ဒါပေမဲ့တောတွေထဲပဲ ပြန်ကျတာမျိုး ရှိတယ်” ဟု KRF တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မုပ္ပလင်စစ်ဆေးရေးဂိတ်သည် မွန်ပြည်နယ် အဝင်၊ အထွက်များကို တင်းကျပ်စွာ စစ်ဆေးရေးပြုလုပ်နေသည့် ဂိတ်စခန်းတစ်ခုဖြစ်ပြီး ယခုအခါတွင်လည်း စခန်းကို ဘန်ကာများဖြင့် တိုးချဲ့တည်ဆောက်ခြင်းများ၊ အင်အားတိုးချဲ့ခြင်းများ ပြုလုပ်နေသည့် အပြင် ခရီးသွား‌ပြည်သူများကိုလည်း အတင်း အကျပ် စစ်ဆေးခြင်းများ လုပ်ဆောင် နေသည့် အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆက်လက်၍ စခန်းတိုးချဲ့ဆောက်လုပ်နေပါက ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှု ပြုလုပ်သွားမည်ဖြစ်ဟု KRF မှ သတိပေးထုတ်ပြန်ထားပြီး ယခု တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)၊ KNU/KNLA၊ ကျိုက်ထိုပကဖတို့ ပူးပေါင်း တိုက်ခိုက် ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ပါတ်တာအတွင်းကလည်း စစ်ကောင်စီက စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းဥပဒေဖြစ်မြောက်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင် ခြောက်ဦး ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – KRF
#ကျိုက်ထို #မုပ္ပလင်စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #ဒရုန်းဗုံးသီးချ #KRF #KNLA #Ayeyarwaddy_Times