ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် မဲရွေးချယ်သည့်ကိစ္စနှင့် ပက်သက်ပြီး စာရင်းအသွင်းခံရသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကြား အချင်းများစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဓားထိုးခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

ညောင်တုန်းမြို့နယ် ရန်ကင်းစံရာ(အနောက်ပိုင်း) ကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၂ရက် ည ၈ နာရီဝန်းကျင်ခန့်တွင် စစ်မှုထမ်းရန်အတွက် မဲဖြင့်ရွေးချယ်ခဲ့ရာ စာရင်းအသွင်းခံရသူ လူငယ်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကြား အချင်းများစဉ် အုပ်ချုပ်ရေးမှူးဖြစ်သူ မောင်မောင်တာဆိုသူအား မဲစာရင်းပါရှိသူ လူငယ်တစ်ဦးမှ ဓားဖြင့်ထိုး၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

“ ရန်ကင်းစံရာကျေးရွာအုပ်ချုပ်ရေးမှူးက မဲစာရင်းပေါက်တဲ့လူငယ်တွေကို ဆေးစစ်ဖို့ဆိုပြီးတော့ (၉၀၅) တပ်ထဲကိုခေါ်သွားတယ်။ ဆေးလည်းစစ်ပြီးကော အိမ်ပြန်မလွှတ်ဘူးပေါ့။ အဲ့မှာနှစ်ဖက်စကားများရင်းနဲ့ အုပ်ချုပ်ရေးမှူးမောင်မောင်တာကို မဲစာရင်းပါတဲ့ကောင်လေးက ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတယ်။ ကောင်လေးကတော့ အခုထိလွှတ်နေတုန်းပဲ”ဟု ရန်ကင်းစံရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဓားထိုးခံရသည့် အုပ်ချုပ်ရေးမှူးဖြစ်တွင် ညာဘက်ရင်ညွန့် ထိုးသွင်းဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကာ မဲစာရင်းပေါက်သည့် လူငယ်များအား ပုသိမ်မြို့အခြေစိုက် ခလရ(၃၈)သို့စစ်သင်တန်းပေးရန် ပို့ဆောင်ခြင်းခံထားရကြောင်း ရန်ကင်းစံရာကျေးရွာ ဒေသခံများထံကသိရသည်။

“ ဓားထိုးခံရတဲ့မောင်မောင်တာကမသေဘူး။ အခုရန်ကုန်ဆေးရုံကြီးမှာဆေးကုနေတယ်။ သေမလားရှင်မလားဖြစ်နေတယ်။ မဲပေါက်ပြီးဆေးစစ်ခံရတဲ့ကလေးတွေကို အခုပုသိမ်ကိုပို့လိုက်ပြီ။ ထွက်ပြေးမှာစိုးလို့ပို့လိုက်တာလို့သိရတာပဲ။ စစ်သင်တန်းတက်ခိုင်းမလားမပြောတတ်ဘူး”ဟု ရန်ကင်းစံရာကျေးရွာ ဒေသခံတစ်ဦးကဆိုသည်။

ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်မတ်လနှင့်ယခုဧပြီလပထမအပတ်အတွင်း မြို့တွင်းရပ်ကွက်နှင့် ကျေးရွာအလိုက် စစ်မှုထမ်းရန်အတွက် မဲပေါက်ခဲ့သူအမျိုးသား ၅၀၀ ကျော်အထိရှိခဲ့ပြီး မအူပင်နှင့် ပုသိမ်မြို့အပြင် ရှမ်းပြည်နယ်တောင်ကြီးမြို့တို့၌ အချိန် နှစ်လကြာ စစ်သင်တန်းတက်ရောက် ရန် ပို့ဆောင်ခြင်းခံထားရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံကသိရသည် ။

#ညောင်တုန်းမြို့နယ် #စစ်မှုထမ်း #မဲရွေးချယ်သည့်ကိစ္စ# ကျေးရွာအုပ်ချုပ်ရေးမှူး #ဓားထိုးခံရ #Ayeyarwaddy_Times