
အယိုက်လင်း/ ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၆၀၀ ခန့်သည် အရေးပေါ်အကူညီများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
ကန်ပက်လက်မြို့နယ်၊ ဖျံချောင်းကျေးရွာနှင့် ခုပ်ကျေးရွာတို့တွင် ဧပြီလ ၃ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက် သောကြောင့် ဒေသခံ ပြည်သူများသည် တိုက်ပွဲနှင့် လွတ်ကင်းရာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် ဆေးဝါး၊ စားသောက်ရေးနှင့် အဝတ်များ အကူညီလိုအပ်နေကြောင်း သိရသည်။
“ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ သုံးရွာထဲက လူဦးရေ ခြောက်ရာလောက်ရှိမယ်။ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရွာသားတွေက ကိုယ်လွတ်ရုန်းထွက်ပြေးနေရတော့ ဘာမှယူလာခွင့်မရဘူး။ အခု စစ်ဘေးရှောင်တွေဟာ အဝတ်အစား၊ စားစရာ ဆန်၊ စောင်၊ ဆေးဝါးတွေ အရေးပေါ် ကူညီအများကြီး လိုအပ်နေပါတယ်။ ရွာဘက်မှာ တိုက်ပွဲက ပြင်းထန်နေဆဲ ဝင်ခွင့်မရဘူး”ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များသည် ဖျံချောင်းရွာမှ အိမ်ခြေ (၂၁)အိမ်၊ လူဦးရေ ၁၄၀ ဝန်းကျင်၊ ခုပ်ရွာမှ အိမ်ခြေ ရှစ်အိမ် ၊ လူဦးရေ ၇၀ ဝန်းကျင်နှင့် မဆာတွီရွာမှ အိမ်ခြေ ၁၀၀ ဝန်းကျင်၊ လူဦးရေ ၃၀၀ နှင့် ၄၀၀ ကြားတွင် ရှိပြီး ၎င်းစစ်ဘေးရှောင်ထဲတွင် ကလေးငယ်အများပြားပါဝင်နေကြောင်း သိရသည်။
ဖျံချောင်းရွာနှင့် ခုပ်ရွာတွင် ဧပြီလ ၃ ရက်နေ့မှစ၍ ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး ယနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ တိုက်ပွဲတွင်း စစ်
ကောင်စီတပ်ဖွဲ့သည့် ဖျံချောင်းကျေးရွာမှ အရပ်သား တစ်ဦးကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် အသက်ကြီးပိုင်း အရပ်သား နှစ်ဦးလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
- ပုံစာ- ဖျံချောင်းရွာမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို တွေ့ရစဥ်။
#ချင်းပြည် #ကန်ပက်လက် #စစ်ဘေးရှောင်များ #အရေးပေါ်အကူညီလိုအပ် #စစ်ကောင်စီ #ချင်းကာကွယ်ရေးတပ် #Ayeyarwaddy_Times