ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပူချိန်စံချိန်သစ်တင်နေပြီး အပူချိန်ပြင်းထန် သဖြင့် သတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ထံက သိရသည်။

မြန်မာနိုင်ငံတွင် ဆောင်းရာသီကုန် မတ်လမှစတင်ကာ အပူချိန်ပြင်းထန်လာ၍ ဧပြီလတွင် ပိုမိုပူပြင်းလာပြီး အချို့မြို့ကြီးများတွင် အပူချိန်စံချိန်သစ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဧပြီ ၃ရက်နေ့မှ ၁၄ရက်နေ့အထိ အပူချိန်မြင့်မားနေမည်ဖြစ်ကြောင်းသိရသည်။

မကွေးတိုင်းအတွင်း အပူချိန်မြင့်မားနေချိန်တွင် မိုးလေဝသဆိုင်ရာ သတင်းအချက် အလက်များကို Social Media နှင့် လက်ကိုင်ဖုန်းအသုံးပြု ကြည့်ရှု၍ လိုက်လျောညီထွေနေကြကြောင်း မကွေးမြို့ ဒေသခံအချို့က ပြောကြားသည်။

” ပူတဲ့အချိန်တွေ မနက် ၁၀နာရီကနေ ညနေ ၄နာရီအတွင်းဆို လိုအပ်မှပဲ အပြင်ထွက်ကြတယ်။ ထွက်မယ်ဆိုလည်း ဦးထုပ်၊ ထီး၊ နေရောင်ခြည်ရာတာတွေ ၀တ်ကြတယ်။ တချို့ဆို အပြင်ထွက်ရမယ့် အလုပ်တွေဆို မနက် ၁၀ နာရီ မတိုင်ခင် လုပ်လေ့ရှိတယ် ” ဟု မကွေးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အပူချိန်များအနေဖြင့် အလယ်ပိုင်းဒေသ ချောက်မြို့တွင် ၄၄ ဒီကရီစင်တီဂရိတ်၊ မကွေးမြို့တွင်၄၃ ဒီကရီစင်တီဂရိတ်၊ မင်းဘူးမြို့တွင် ၄၃ ဒီကရီစင်တီဂရိတ်၊ တောင်တွင်းကြီးမြို့တွင် ၄၂ ဒီကရီစင်တီဂရိတ်ရှိကြောင်းသိရသည်။

ထို့ပြင် တံတားဦးမြို့တွင် ၄၂ ဒီကရီစင်တီဂရိတ်၊ မြင်းခြံ ၄၂ဒီကရီစင်တီဂရိတ်၊ ဆင်ဖြူကျွန်း ၄၂ဒီကရီစင်တီဂရိတ်၊ ညောင်ဦး ၄၂ဒီကရီစင်တီဂရိတ် နှင့် မြေလတ်ဒေသပြည်မြို့တွင် ၄၂ ဒီကရီစင်တီဂရိတ်ရှိကြောင်း မိုမိုး/ဇလထံက သိရသည်။

” အပူချိန်အမြင့်ဆုံးအချိန်တွေ ရောက်ရင် လေကလည်း တိုက်နေတော့ အထိုက် အလျောက်တော့ ပူတာကနေလျော့သလို ခံစားရပါတယ်။ မြို့ထဲမှာ ပူနေပေမယ့် အရိပ်ရ သစ်ပင်တွေဖုံးအုပ်ထားတဲ့ လမ်းတွေကို ရွေးပြီး သွားတာ၊ လာတာတွေရှိတယ် ” ဟု မကွေးမြို့ခံတစ်ဦးက ပြောကြားသည်။

အယ်နီညိုရာသီဥတုသက်ရောက်မှုကြောင့် အပူချိန်မြင့်တက်နေသဖြင့် အပူကြောင့် ဖြစ်ပွားတတ် သောရောဂါများမဖြစ်စေရန် သတိပြုနေထိုင်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အပြင်းစားအပူလျှပ်ခြင်း၊ မူးမေ့လဲကျခြင်း၊ ကြွက်တတ်ခြင်း၊ မိတ်ပေါက်ခြင်း များဖြစ်ပေါ်တတ်ပြီး နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ရေချိုးခြင်းမပြုလုပ်ကြရန်နှင့် အရိပ်အာဝါသကောင်းသည့်နေရာများတွင် နေထိုင်ကြရန် NUG ၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ထို့ပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲ ပူပြင်းလာခြင်း၊ နေရောင်ခြည်အရှိန်ပြင်းထန်လာခြင်း၊ သစ်ရိပ်ဝါးရိပ်နည်းပါးလာခြင်း အပါအဝင် ပတ်ဝန်းကျင်အပူချိန်မြင့်တက်ခြင်းတို့ ကြောင့်လည်း အပူချိန်များမြင့်တက်နေကြောင်း NUG ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

#အပူချိန်မြင့်တက် #အယ်နီညိုရာသီဥတု #သွားလာနေထိုင်မှု #သတိပြုရန်လိုအပ် #Ayeyarwaddy_Times