
မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၅ ရက်
နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ်၊ အေလာလေတပ်စခန်းနှင့် စစ်ခေါင်းဆောင် နေအိမ်တို့ ယမန်နေ့ ဧပြီ ၄ ရက်နေ့က ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅ ဦးသေဆုံးပြီး စစ်ရုံးချုပ်အတွင်း ပျက်စီးမှုများပြားခဲ့ကြောင်း သိရ သည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးချုပ်နှင့် အေလာမြို့နယ်ရှိ အေလာလေတပ်စခန်းတို့ကို ယမန်နေ့ နံနက်ပိုင်းတွင် အသေခံဒရုန်းများ(ကာမီကာဇေ)ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ကြောင်း Power Of Ababil POA Drone Team တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အသေခံဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်မှုဖြစ်စဉ် တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နေအိမ်ကို ဒရုန်း လေး စင်း ၊ စစ်ရုံးချုပ်ကို ၁၂ စင်း၊ အေလာလေတပ်စခန်းအတွင်းသို့ ၁၂ စင်းဖြင့် ကြဲချတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် အေလာလေတပ်စခန်းအတွင်း လေယာဉ်ပြေးလမ်းနှင့် လေယာဉ်အချို့ပျက် စီးထိခိုက်မှုရှိပြီး စစ်ရုံးချုပ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်(ကကကြည်း) စစ်ဆင်ရေး၏ အဆောင်(၁) မြေပုံခန်းအထိပါ ပျက်စီးထိခိုက်မှုများရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က ဇေယျာသီရိမြို့နယ်နှင့် အေလာမြို့နယ်အတွင်းရှိ စစ် ဘက်ဆိုင်ရာ အရေးကြီးသည့် အဆောက်အဦများ၊ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် ဒရုန်း များအားလုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ဒရုန်းနှစ်စီး ကို လေထဲ၌ပင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။
စစ်ရုံးချုပ်နှင့်အေလာလေတပ်စခန်းတို့ တိုက်ခိုက်မှုကို ရှားထူးဝေါနည်းပညာတပ်ဖွဲ့၊ Kloud Team၊ POA တပ်ဖွဲ့၊ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၃၅၀၂ တပ်ခွဲ-၁ နှင့် Orion Drone Team တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#နေပြည်တော်စစ်ရုံးချုပ် #အေလာလေတပ်စခန်း #စစ်ခေါင်းဆောင် #ဒရုန်းဗုံးတိုက်ခိုက်ခံရ #စစ်ကောင်စီတပ် #၁၅ဦးသေဆုံး #Ayeyarwaddy_Times