
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
စစ်မှုထမ်းရန် စာရင်းပါသူများအနေဖြင့် ထွက်ပြေးပါက မိသားစုကိုပါ အရေးယူမည်ဟု အုပ်ချုပ်ရေးမှူးများမှ ခြိမ်းခြောက်နေကြောင်း မြောင်းမြဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူ့စစ်မှုထမ်းရန် အတွက်ဟုဆိုကာ မဲနှိုက်ရွေးချယ်နေပြီး မဲပေါက်သူများအနေဖြင့် ထွက်ပြေးခြင်းမပြုရန်နှင့် ထွက်ပြေးပါက ကျန်ခဲ့သောမိသားစုကိုပါ အရေးယူမည်ဟု အုပ်ချုပ်ရေးမှူးများမှ အစည်းဝေးများလုပ်ကာ ပြောဆိုနေခြင်း ဖြစ်သည်။
“အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်တစ်ယောက်အစည်းဝေးခေါပြီး စစ်မှုထမ်းတဲ့အထဲပါတဲ့သူတွေကို ထွက်ပြေးရင် အိမ်မှာကျန်တဲ့သူတွေကို အားပေးကူညီးတယ်ဆိုပြီး တရားစွဲအရေးယူမယ်လို့ပြောတယ် ” ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီမှ ပထမအကြိမ်မဲနှိုက်ပြီးသူများမှ နံပါတ်စဥ်အလိုက် ခေါ်ယူနေပြီး နံပါတ် ၁ မှ ၄ အထိပါသူများကို မဲနှိုက်ပြီးသည်နှင့် ကားနှင့်ခေါ်ဆောင်သွားကြပြီး အခြားမဲပေါက်သူများမှာ အရန်အဖြစ် စောင့်ဆိုင်း နေကြရကြောင်း ဒေသခံများထံမှသိရသည်။
“မဲနှိုက်တာက တစ်နေရာနဲ့တစ်နေရာမတူဘူး။ ကျွန်တော်တို့ဆီမှာ မဲနှိုက်တာ အကုန် ၁၃ မဲ နှိုက်တယ် ၁ကနေ ၁၃ အထိနံပါတ်တွေနဲ့ ။ မဲပေါက်တဲ့သူတွေထဲက ၁ ကနေ ၄ အထိ သူတွေက ကားနဲ့တစ်ခါတည်း ခေါ်သွားတာခံရတယ်။ ကျန်တဲ့သူတွေကို အိမ်မှာပြန်စောင့်နေ ထပ်ခေါ်မယ်လို့ပြောပါတယ် ။ ခေါ်သွားတဲ့သူတွေကိုတော့ ပုသိမ်တပ်ထဲခေါ်သွားတယ်လို့သိရတယ် “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပထမအသုတ်မဲနှိုက်ရွေးချယ်ရာတွင် မဲပေါက်သူအချို့မှာ ထွက်ပြေးနေကြပြီး စစ်ကောင်စီတပ်မှ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ရှာဖွေနေကြကြောင်း ဒေသခံများထံမှသိရသည်။
#စစ်မှုထမ်းရန် #စာရင်းပါသူများ #ထွက်ပြေးပါက #မိသားစုကိုပါ #အရေးယူမည် #အုပ်ချုပ်ရေးမှူးများ #ခြိမ်းခြောက် #Ayeyarwaddy_Times