ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဧပြီ ၄ ရက်

ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့နယ်နှင့် ရှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခံမြို့နယ်တို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၂ ရက် နှင့် ၃ ရက်နေ့များတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်တွင် ယမန်နေ့ ဧပြီလ ၃ ရက်နေ့ နံနက် အစောပိုင်းတွင် စစ်ကောင်စီက နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့် နေရာအနီးရှိ တောင်ပေါ်ရွာသို့ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ် သုံး ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ဒီဖား‌ဆောင်းဘက်က တောင်ပေါ်ရွာလို့ခေါ်တာပေါ့။ အဲ့ဒီမှာ တိုက်ပွဲဖြစ်တာ ရှိတယ် ပေါ့နော်။ အဲ့ဒီကနေ ရွာထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက်ကြောင့်မို့လို့ ရွာသားတွေထွက်ပြေးရတာ ရှိတယ်။ အဲ့ဒီထဲကမှ ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရတာတော့ရှိပါတယ်။ တိုက်ပွဲနဲ့နီးတော့ ရွာထဲကို ကြဲချတယ်ဆိုတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ဖယ်ခုံမိုးဗြဲအနောက်က ဖြစ်တဲ့ ဗုံးကြဲမှုက အကြောင်းမဲ့ပေါ့နော်။ ညပိုင်းလည်းဖြစ်တယ် တိုက်ပွဲလည်းမဖြစ်ပဲ ခြောက်ကြိမ်တောင်မှ ဗုံးကြဲတယ်ပေါ့နော်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဘက်၊ ‌ဆိုင်ခွန်‌ဆောင်ကျေးရွာကို လေကြောင်းဖြင့် အကြောင်းမဲ့ တိုက်ခိုက်မှု ခြောက်ကြိမ်တိုင် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ၏ လေကြောင့်ဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံ ရှစ် ဦး ထိခိုက် ဒဏ်ရာရရှိကာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး နေအိမ် ၁၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့နယ် နှင့် မိုးဗြဲမြို့နယ် တို့တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ – Kayan New Generation Youth
ပုံစာ – ဖယ်ခုံရှိ လေကြောင်းတိုက်ခိုက်ခံရ‌သည့်နေအိမ်များ
#ကရင်နီ #ဖားဆောင်း #ဖယ်ခုံ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဒေသခံထိခိုက်ဒဏ်ရာရ #နေအိမ်ပျက်စီး #Ayeyarwaddy_Times