
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
တရုတ်-မြန်မာနယ်စပ်တစ်လျှောက်မှာ ဒီသီတင်းပတ်အတွင်း ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်ပြီးနောက် လုံခြုံရေး အမြင့်ဆုံးအဆင့် တပ်လှုန့်ကာ ကင်းလှည့်စောင့်ကြပ်မှုတွေ ဆက် လက်ပြုလုပ်မယ်လို့ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြန်မာစစ်တပ်ကို တွန်းလှန်လျက်ရှိရာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ မကြာသေးမီက တင်းမာမှုတွေ မြင့်တက်လာခဲ့တယ်လို့ PLA Daily ရဲ့ ဆောင်းပါးတစ်ပုဒ် က ဖော်ပြပါတယ်။
တရုတ်နဲ့မြန်မာဟာ ဆယ်စုနှစ်ချီ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းတွေဖြစ်ပေမယ့် မြန်မာ မြောက်ပိုင်းစစ်ပွဲက နယ်စပ်ဒေသ လုံခြုံရေးနဲ့တည်ငြိမ်မှု၊ နယ်စပ်နေ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ဆိုးရွားစွာ ခြိမ်းခြောက်ခဲ့တယ်လို့ အဆိုပါဆောင်းပါးက ဖော်ပြပါတယ်။
“တရုတ်စစ်တပ်ကို အမြဲ တပ်လှုန့်ထားတဲ့အပြင် တရုတ်စစ်တပ်က ကင်းလှည့်စောင့်ကြပ်မှုတွေ၊ နှစ်နိုင်ငံကြား လုံခြုံရေး ကာကွယ်စောက်ရှောက်မှုတွေ တိုးမြှင့်သွားမှာဖြစ်ပါတယ်။ တရုတ်စစ်တပ်ဟာ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအမံအားလုံး လုပ် ဆောင်မယ်” လို့ ယင်းဆောင်းပါးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားနေစဉ် နယ်စပ်ဒေသ လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီး အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင် ဘာလအတွင်း ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ကာ ပြီးခဲ့တဲ့အပတ်အတွင်း ဒုတိယအကြိမ် ကျည် အစစ်နဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြေပြင်နဲ့ဝေဟင်တပ်ဖွဲ့တွေ ပါဝင်ခဲ့ပြီး နယ်စပ်ဒေသ က အရေးပေါ်အခြေအနေအမျိုးမျိုး ကိုင်တွယ်ဆောင်ရွက်မှု တိုးတက်လာဖို့ ရည်ရွယ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက တောင်းဆိုကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စိတ်ရှည်သည်းခံဖို့နဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှု၊ စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း အဆိုပါဆောင်းပါးက ဖော်ပြပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အ ပစ်အခတ်ရပ်စဲဖို့ တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ် ပြုလုပ်ခဲ့ပေမယ့် စစ်ကောင်စီက သဘောတူညီချက်ကို ချိုး ဖောက်ခဲ့ပါတယ်။
နယ်စပ်လုံခြုံရေးအပြင် မြန်မာနိုင်ငံမြောက်ပိုင်းမှာ မတည်ငြိမ်မှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက စိုးရိမ်မှုရှိခဲ့ပါတယ်။
ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဝမ်ယုဘိုဟာ ကုန်သွယ်ရေးနဲ့ မြန်မာ-တရုတ်ကြား ကုန်စည်စီး ဆင်းမှု ပြန်လည်စတင်ဖို့ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့သွားရောက်ကာ စစ်ကောင်စီခေါင်း ဆောင် မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့ပါတယ်။
ကိုးကား – South China Morning Post
Ref; China military on ‘high alert’ at Myanmar border after live-fire drill ends