မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၄ ရက်

စစ်ကောင်စီသည် တရုတ်၏တောင်းဆိုချက်ကြောင့် ၎င်းတို့၏ ကာကွယ်ရေးဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို နေပြည်တော်တွင် ဖမ်းဆီးစစ် ဆေးနေကြောင်း သိရသည်။

တရုတ်အစိုးရက နေပြည်တော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကိုးကန့်ပြည်သူ့ စစ်ခေါင်း ဆောင် ဦးပယ်ဆောက်ချိန်တို့အဖွဲ့ကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ကျားဖြန့်လုပ်ငန်းတွင် ပါ၀င်ပတ်သက်နေသူများစာရင်းတွင် စစ်ကောင်စီ၏ ကာကွယ်ရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း ပါဝင်နေ၍ ဖမ်းဆီး စစ်ဆေးပေးရန် တောင်းဆိုခဲ့သော​ကြောင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း တပ်တွင်း ရင်းမြစ်ထံက သိရသည်။

“သူ့ကို၀င်ဖမ်းတော့ အသာတကြည်အဖမ်းမခံဘဲ ပြန် ပြီးဆဲဆိုထိုးကြိတ်လို့ အကြမ်းဖက် ဖမ်းတော့ သွား တွေပါကျွတ်တယ်လို့ ပြောတယ်။ ခုနေပြည်တော်မှာ စစ်မေးနေတယ်”ဟု တပ်တွင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရသည် နေပြည်တော်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်က ကိုးကန့်ပြည်သူ့ စစ်ခေါင်းဆောင် ဦးပယ်ဆောက်ချိန်နှင့် အပေါင်းအပါ ၁၀ ဦးကို ကိုယ်တိုင်၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့အတွင်းရှိ ဗိုလ်ချုပ်များ၊ ရဲမှူးအဆင့်ရှိ သူများပါ ကျားဖြန့်လုပ်ငန်းများတွင် ပါ၀င်လုပ်ကိုင်နေသည့်အတွက် ၎င်းတို့ကိုပါ အရေးယူပေးရန် တရုတ်အစိုးရဘက်က တောင်းဆိုသည့်သတင်းများ ထွက်ပေါ်လာခဲ့သည်။

ယင်းသို့သတင်းများထွက်ပေါ်လာပြီးနောက် မတ်လ နောက်ဆုံးပတ်တွင် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို ဖမ်းဆီးစစ်ဆေးနေ ခြင်းဖြစ်ကြောင်း သိရသည်။

“မဟာမိတ်သုံးဖွဲ့နဲ့ ခုနောက်ဆုံးဆွေးနွေးခဲ့တဲ့ လေးကြိမ်မြောက်ဆွေးနွေးပွဲမှာ ကျားဖြန့်ပါ၀င်ပတ်သက် နေတဲ့သူတွေကို ဖမ်းပေးဖို့တရား၀င်စကားပါးထားတာရှိတယ်။ ရခိုင်အရေးရပ်ဖို့ တရုတ်ကတာ၀န်ယူပြီး ကျားဖြန့်မှာပါ၀င်ပတ်သက်နေတဲ့ ဗိုလ်ချုပ်အဆင့်နဲ့ရဲမှူးအဆင့်တွေကို စစ်ခေါင်းဆောင်ကအရေးယူပေးရ မယ်ဆိုပြီးကြားတယ်။ အဲဒါကတော့ လျှို့ဝှက်ပေါ့ နော်”ဟု တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည် ဗိုလ်ချုပ်အောင်လင်းထွန်းအပြင် ကျားဖြန့်နှင့်ဆက် စပ်နေသည့် အခြားအရာရှိအဆင့်များကိုပါ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် လောက်ကိုင်တွင် စစ်မှုထမ်းခဲ့သည့် ဒကစမှူးနှင့် လက်နက်ချအညံ့ခံမှုတွင် အရေးယူခြင်း မခံရသည့် အရာရှိများကိုလည်း လောက်ကိုင်ကျား ဖြန့်ကိစ္စ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများနှင့်ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးမှုများရှိနေကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်း ဗိုလ်ချုပ်အောင်လင်းထွန်းကို ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ယခုဖမ်းဆီးစစ်ဆေးခံနေရသည့် ဗိုလ်ချုပ်အောင် လင်းထွန်းသည် ၂၀၂၁ ခုနှစ် မတ်လကတည်းက ကာ ကွယ်ရေးဒု၀န်ကြီးအဖြစ် တာ၀န်ပေးခံခဲ့ရပြီး တပ်မ ၂၂ တပ်မမှူး ဒုစစ်ထောက်ချုပ်ရာထူးများကိုလည်း တာ၀န်ယူခဲ့သူဖြစ်သည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်လင်းထွန်းသည် စစ်ကောင်စီက စစ်မှုမထမ်း မနေရ ဥပဒေဖြင့် အသည်းအသန်ပြုလုပ်နေသည့် တပ်သားသစ်စုဆောင်းမှုတွင် အဓိကတာ၀န်ယူလုပ်ဆောင်နေသည့်သူတစ်ဦးလည်း ဖြစ်သည်။

အလားတူ စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်အောင်လင်းထွန်းအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တနိုင်းဒကစမှူးနှင့် စကခ ၃ မှူးတို့ကိုလည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-ကာကွယ်ရေးဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း

#စစ်ကောင်စီ #ကာကွယ်ရေး #ဒု၀န်ကြီး #ဗိုလ်ချုပ်အောင်လင်းထွန်း #ဖမ်းဆီးခံရ #သွားကျွတ် #Ayeyarwaddy_Times