ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်လောင်းသင်တန်း တက်ရောက်ရန် အကျုံးဝင်သည့် တပ်ကြပ်ကြီး ငါး ဦးမှာ ဗိုလ်လောင်းသင်တန်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ဗိုလ်လောင်းသင်တန်း တက်ရောက်ရန် အကျုံးဝင် သည့် တပ်ကြပ်ကြီး ငါး ဦးမှာ (တကက)ထူးအံ့ရှင်း၊ (တကက) အောင်မျိုးသိန်း၊ (တကက) အောင်မျိုးသွင်၊ (တကက)မိုးမင်းနှင့် (တကက) ထွန်းလင်းဝေ တို့ဖြစ်ပြီး ဗိုလ်လောင်းသင်တန်းတက်ရန် ဆန္ဒမရှိကြောင်းငြင်းဆန်ခဲ့ကြသည်။

“ဗိုလ်လောင်းသင်တန်း အကျုံးဝင်တဲ့ အမည်စာရင်းအားလုံးတောင်းတာ၊ မဖြေမဲ့သူ ဖြေမဲ့သူကအကြောင်းပြချက်ပေးရတာ။ သင်တန်းမတက်ချင်တဲ့သူတွေက အကြောင်းအမျိုးမျိုးပြပြီး ဗိုလ်လောင်းသင်တန်းနဲ့ မမှီတဲ့အကြောင်း ပြန်ပို့ပေးရတယ်”ဟု မြိတ်မြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ကြပ်ကြီး ထူးအံ့ရှင်းက ဒူးကြောရောဂါဖြင့်၁/၃ဝဝ ဆေးရုံတက်၊ တပ်ကြပ်ကြီး အောင်မျိုးသိန်းက ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတက်၊ တပ်ကြပ်ကြီး အောင်မျိုးသွင်က အရပ် ၅ ပေ ၃လက်မ အရပ်မပြည့်ဟူ၍ အကြောင်းပြ၍ ဗိုလ်လောင်းသင်တန်းဖြေဆိုရန် ဆန္ဒမရှိကြောင်း ငြင်းဆန်ခဲ့ကြသည်။

တပ်ကြပ်ကြီး မိုးမင်း အမှတ် ၃၂၈ အမြှောက်တပ်တွင် Drone သင်တန်းတက်၊ တပ်ကြပ်ကြီး ထွန်းလင်းဝေ စစ်မြေပြင်အင်ဂျင်နီယာသင်တန်း ၂၁၁ တက်နေရ၍ ဗိုလ်လောင်းသင်တန်း တက်ရန် ဆန္ဒမရှိကြကြောင်း အသီးသီး ငြင်ဆန်ခဲ့သည် ဟု စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးတစ်ဦးကဆိုသည်။

အဆိုပါ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၁၂၈ အတွက် အကျုံးဝင်အင်အားနှင့် ထောက်ခံအင်အားစာရင်းသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနယ်၊ ပြည်နယ်အသီးသီးက တပ်ရင်းများအားလုံးရှိ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီး(တကက) များမှာ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် နောက်ဆုံးစာရင်း ပေးသွင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းသည် တပ်မတော်(ရေ) နှင့်လေမှ အခြားဆင့်များ တက်ရောက်ပြီး သင်တန်းဆင်းပါက ကြည်းတပ်တွင်သာ တာဝန်ထမ်းဆောင်ရသည့်အတွက် ယခုနောက်ပိုင်းတွင် ဗိုလ်သင်တန်းတက်ရန် အကြောင်းပြပြီး ငြင်းဆန်မှုများ ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၆) သူရတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနား

#တနင်္သာရီတိုင်း #ဗိုလ်သင်တန်း #အကျုံးဝင် #စစ်ကောင်စီတပ်ကြပ်ကြီး #ဆန္ဒမရှိကြောင်းငြင်းဆန်
#Ayeyarwaddy_Times