ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဧပြီ ၄ ရက်

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရမှုများ ပိုမိုများပြားလာပြီး နှစ်ပါတ်တာကာလအတွင်း သတ်ခံရသူ ခြောက် ဦးအထိရှိလာခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်တပ်ထောက်ခံသူများ၊ လက်အောက်ခံ တပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန်လူဦးရေစာရင်း ကောက်ယူမှုများရှိကာ မဲနှိုက်ရွေးချယ်ရန်လည်း အဓမ္မဖိအားပေးစေခိုင်းမှုများလည်း ရှိနေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်‌ကောင်စီ စစ်မှုထမ်းဥပဒေထွက်ပြီး နောက်ပိုင်း အများအားဖြင့် အုပ်ကြီးတွေရယ် ရပ်/ကျေးထွေအုပ်စာရေးတွေရယ် စစ်မှုထမ်းဟောင်းအချို့တွေရယ် ဒလန်တွေရယ် အဲဒီအဖွဲ့တွေက အဓိက စာရင်းပြုစုမှုတွေကို လိုက်လံဆောင်ရွက်ပေးနေကြပါတယ်။ တချို့ကျေးရွာတွေဆိုရင် အုပ်ချုပ်ရေးမှူးတွေတောင်မသိပဲ ထွေအုပ်တာဝန်ကျအပိုင်စာရေးက စာရင်းပြုစုပေးပို့နေတာတွေရှိပါတယ်။ အဲဒီစာရေးတွေကိုလဲ ကျနော်တို့အနေနဲ့ ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ရှိပါသေးတယ်” ဟု သထုံခရိုင်PDFတာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နှစ်ပါတ်တာကလအတွင်း စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအကူ ဦးကျော်ကျော်၊ တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလွင်၊ ပြည်သူ့စစ်သင်တန်းတက်ရောက်ထားသည့် သတင်းပေးဦးမြအေး၊ လက်နက်ကိုင်ထားသည့်ဘုန်းကြီး ဥူးစန္ဒိမာ၊ ပျူစောထီးဦးတင်ငြိမ်း၊ ခရိုင်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ဦးနေမင်းကြည် ဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ၏အဓမ္မဖိအားပေး စစ်မှုထမ်းရန်စေခိုင်းမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်လာသည့် လူငယ်များ၊ ပြည်ပ ထွက်သည့်လူငယ်များ ပိုမိုများပြားလာခဲ့ပြီး အဆက်အသွယ်မရပဲ ပျောက်ဆုံးနေသည့် လူငယ်အများအပြားရှိကြောင်းလည်း ဒေသခံများထံက သိရသည်။

ကျိုက်ထိုမြို့နယ်၊ တောင်စွန်းရွာတွင် ဧပြီ ၂ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ကလည်း ‌စစ်မှုထမ်းရန် လူဦးရေစာရင်း လိုက်လံကောက်ယူနေကာ အုပ်ချုပ်ရေးမှူးထက်ပိုမို၍ စစ်ကောင်စီယန္တရားတွင်ပါဝင်နေသည့် အုပ်ချုပ်ရေးမှူး ရုံးအကူ ကျော်ကျော် ဆိုသူကို Kyaikhto Revolution Force(KRF) က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ယက်
#ကျိုက်ထို #စစ်ကောင်စီလက်အောက်ခံ #သတင်းပေး #ပစ်ခတ်ခံရ #Ayeyarwaddy_Times